ဆေးလိပ်သောက်သုံးသူဦးရေ များပြားလာတဲ့ ကမ္ဘာကြီးမှာ တချို့နိုင်ငံတွေကတော့ ဆေးလိပ်သောက်တာကို ဥပဒေထုတ်ပြီး တားမြစ်လာကြပါတယ်။
ဆေးလိပ်ဟာ သောက်သူတင် မဟုတ်ဘဲ ဘေးမှာရှိနေသူရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အတွက် အခုလို ဥပဒေ တွေ ထုတ်ပြီး တားမြစ်လာရခြင်း ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ နိုင်ငံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁) သြစတေးလျနိုင်ငံ
သြစတေးလျနိုင်ငံကတော့ ဆေးလိပ်သောက်တာကို တားမြစ်တဲ့နိုင်ငံတွေထဲမှာ အတင်းကျပ်ဆုံးနိုင်ငံပါပဲ။ ဥပဒေပြဌာန်းပြီးတော့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။
နိုင်ငံတွင်းမှာရှိတဲ့ လေဆိပ်အားလုံးမှာ ဆေးလိပ်လုံးဝ မသောက်ရပါဘူး။ ဌာနဆိုင်ရာရုံးတွေ ၊ ကျန်းမာရေးဌာနတွေနဲ့ သြစတေးလျနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာလည်း ဆေးလိပ်သောက်တာ ကို တားမြစ်ထားပါတယ်။ သြစတေးလျနိုင်ငံရဲ့ မြို့အများစုမှာလည်း ဒီတားမြစ်ချက်တွေကို ထုတ်ပြန် ထားပြီး အဓိကကတော့ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာပါ။
ဆစ်ဒနီမြို့ကမ်းခြေဖြစ်တဲ့ Manly နဲ့Bondi ကမ်းခြေတွေကလည်း ဆေးလိပ်မသောက်ရနယ် မြေတွေပါပဲ။ ၂၀၀၇ ခုနှစ်မှာတော့ သြစတေးလျ အနောက်ဖက်Swan မြစ်ကမ်းပေါ်မှာရှိတဲ့ သင်္ဘော ဆိပ်ရှိရာမြို့တွေကို ဆေးလိပ်ကင်းမဲ့ဇုန် လုပ်ခဲ့ပါတယ်။
တက္ကစီတွေနဲ့ ခရီးသည်တင်ဘတ်စ်ကား ဂိတ်တွေမှာလည်း ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ညစာစားတဲ့နေရာနဲ့ အဖျော်ယမကာသောက်တဲ့နေရာတွေမှာပါ ဆေးလိပ်သောက်တာကို တားမြစ်လာခဲ့ပါတယ်။
(၂) ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံဟာ ဆေးလိပ်သောက်တဲ့လူဦးရေ အနည်းဆုံးနိုင်ငံဖြစ်ပြီး လူစည်ကားရာ နေရာတိုင်းမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ကျန်းမာရေး သတိပေးချက်ကိုလည်း စီးကရက်ဗူးတွေမှာ ကပ်ပေးထားပါတယ်။
(၃) တရုတ်နိုင်ငံ
တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့ လူအများဆုံးနိုင်ငံထဲ ပါဝင်ပါတယ်။ ဆေးလိပ် ထုတ်လုပ် ဖြန့်ချိတာလည်း အများဆုံးနိုင်ငံပါ။
တရုတ်နိုင်ငံဟာ လူတဦးကို တနေ့ဆေးလိပ်သုံးလိပ်နှုန်းသောက်နေကြပြီး တရုတ်နိုင်ငံကထွက်တဲ့ ဆေးလိပ် ပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ကုန်ပါတယ်။ ဆေးလိပ်သောက်သူဦးရေကတော့ ၁ ဒဿမ ၄ ဘီလီယံရှိတဲ့ လူဦးရေအနက်က သန်း ၃၅၀ လောက်ပါ။
ဒါပေမယ့် ၂၀၀၈ ခုနှစ် မေလ ၊ အိုလံပစ်ပြိုင်ပွဲ ကျင်းပချိန်ကစလို့ ဘေကျင်းမြို့တော်မှာ ဆေးလိပ်သောက်တာကို ကန့်သတ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ခုနှစ် အထိ ၅ နှစ်စီမံကိန်းနဲ့ ဆေးလိပ်ကင်းမဲ့ဇုန်တွေကို အကောင်အထည် ဖော်လာခဲ့ပါတယ်။ ဒီ ၅ နှစ်စီမံကိန်းမှာတော့ ဆေးလိပ်မသောက်ရနေရာတွေကို သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာလည်း ဆေးလိပ်ဆန့်ကျင်တဲ့နိုင်ငံတွေထဲ ပါဝင်လာနိုင်ခဲ့ပါတယ်။
အခြား ဥရောပနိုင်ငံတွေထဲကဆိုရင်တော့ ပြင်သစ် ၊ ဂျာမနီ ၊ ဂရိ ၊ အိုင်ယာလန်နဲ့ အင်္ဂလန် နိုင်ငံတွေပါပဲ။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ ကယ်လီဖိုးနီးယားဟာ ဆေးလိပ်သောက်တာကို အပြင်းအထန်ရှုံ့ချတဲ့ ပြည်နယ်ပါပဲ။
နယူးယောက်မှာတော့ ၂၀၀၃ ခုနှစ် မတ်လက စလို့ စားသောက်ဆိုင်တွေ ၊ အရက်ဘားတွေနဲ့ ကလပ်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ၂၀၀၈ ခုနှစ် အောက်တိုဘာလကစလို့ လူစည်ကားတဲ့နေရာတွေမှာ ဆေးလိပ် သောက်တာကို တားမြစ်ခဲ့ပါတယ်။ ငွေဒဏ်အနေနဲ့လည်း ရူပီး ၂၀၀ ( ၄ ဒေါ်လာနဲ့ ဆင့် ၅၀ ) ဒဏ်ရိုက်ပါသေးတယ်။
အီရန်နိုင်ငံမှာတော့ ၂၀၀၃ ခုနှစ် အောက်တိုဘာလကစလို့ တားမြစ်ခဲ့ပါတယ်။ ဗလီတွေ ၊ အစိုးရ အဆောက်အဦတွေ ၊ စားသောက်ဆိုင်တွေ ၊ လေယာဉ်ကွင်း နဲ့ ရုပ်ရှင်ရုံတွေ ၊ အားကစားခန်းမလို နေရာမျိုးတွေမှာ ဆေးလိပ်သောက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့ပါတယ်။
ဘူတန်နိုင်ငံကတော့ ၂၀၀၅ ခုနှစ်ကစပြီး တနိုင်ငံလုံး ဆေးလိပ်ကင်းမဲ့ဇုန်ပါပဲ။ ဒီလို တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်တာကတော့ ဘူတန်တနိုင်ငံပဲရှိပါသေးတယ်။ ဘူတန်နိုင်ငံရဲ့ လူနည်းစုလောက်ကသာ ဆေးလိပ်အစား ဆေးရွက်ကြီးဝါးတာမျိုး လုပ်လေ့ရှိပါတယ်။
၂၀၀၅ ခုနှစ် မတ်လမှာတော့ ဘူတန်ဘုန်းကြီးတပါးဆီက၂ ဒေါ်လာနဲ့ ဆင့် ၅၀ တန်ဖိုးရှိတဲ့ ဆေးရွက်ကြီးတွေ ဖမ်းမိခဲ့တဲ့အတွက် ထောင် ၃ နှစ်ချခဲ့ပါတယ်။ ဆေးလိပ်မသောက်ရ ဥပဒေ ပြဌာန်းထားတဲ့ ဘူတန်နိုင်ငံအတွက်တော့ ဒီဘုန်းတော်ကြီးဟာ ဆေးရွက်ကြီးကြောင့် ထောင်ကျခဲ့တဲ့ ပထမဆုံးသော ပုဂ္ဂိုလ်ပါပဲ။
ဆေးလိပ်သောက်တာကို တားမြစ်တဲ့ ဥပဒေတွေ ပြဌာန်းပေးတာဟာ အသက်မပြည့်သေးဘဲ ဆေးလိပ်သောက်တာကို တားမြစ်နိုင်သလို ရောင်းချတာတွေကိုပါ တားမြစ်နိုင်ပါသေးတယ်။
Ref:telegrap