ကာရိုက်တာအရ မူလ ရုပ်လုံးဝ ပြောင်းလဲသွားတဲ့ သရုပ်ဆောင်များ
ရုပ်ရှင်လောကမှာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေဟာ ကိုယ်ရိုက်မယ့် ကာရိုက်တာကို လိုက်ပြီး ရုပ်ပြောင်းအောင် မိတ်ကပ်လိမ်းရတာတွေ ရှိပါတယ်။ တချို့ဆိုရင် အပြင်မှာ မှတ်မိလိုက်ဖို့တောင် ခက်ခဲတဲ့ အထိ ရုပ်ဖျက်ရတာတွေ ရှိပါတယ်။
ဟောလိဝုဒ်ရဲ့မှော်ပညာလို့ ကမ္ဘာက သတ်မှတ်ထားတဲ့ မိတ်ကပ်ပညာနဲ့ CGI တွေကြောင့် တချို့ မင်းသား၊ မင်းသမီးတွေဟာ ရုပ်လုံးဝ ပြောင်းနေတာမျိုးကိုတောင် တွေ့ရပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲက ဇာတ်ကောင်ရုပ်နဲ့ ကွာခြားတဲ့ အပြင်က ရုပ်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Nebula (Guardians Of The Galaxy)
“Gaurdians Of The Galaxy” ဇာတ်ကားမှာ ပါဝင်တဲ့ Nebula ဆိုတဲ့ နေရာမှာ သရုပ်ဆောင်ဖို့ မင်းသမီး Karen Gillan ဟာ ကတုံးတုံးခဲ့ပြီး ရိုက်ကွင်းမှာ နေ့တိုင်း မိတ်ကပ်ပြင်ဖို့ အချိန်အကြာကြီး အကုန်ခံခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာတခုက ဒီကာရိုက်တာ အတွက် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ မပါဝင်ဘဲ မိတ်ကပ်ပညာတခုတည်းနဲ့သာ ရုပ်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
(၂) Tia Dalma(Pirates Of The Caribbean)
“Pirates Of The Caribbean” ဇာတ်ကားမှာ ဗူးဒူးရုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်တဲ့ စုန်းမ ကာရိုက်တာမှာ သရုပ်ဆောင်ခဲ့တာက မင်းသမီး Naomie Harris ဖြစ်ပါတယ်။ သူမသရုပ်ဆောင်ရတဲ့ ကာရိုက်တာဟာ အပြင်လောကက သူမရဲ့ စရိုက်နဲ့ ကွာခြားလွန်းနေပေမယ့် မိတ်ကပ်ပညာအကူအညီ အပါအဝင် သူမ ကြိုးစားထားတာတွေကို သိသိသာသာ မြင်နိုင်ပါတယ်။
(၃) Enchantress (Suicide Squad)
“Suicide Squad” အဖွဲ့ဝင်တဦး ဖြစ်တဲ့ Enchantress နေရာမှာ သရုပ်ဆောင်ခဲ့တာက မင်းသမီး Cara Delevingne ဟာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ လေ့ကျင့်မှုတွေ အများကြီးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မော်ဒယ်တယောက်အနေနဲ့ အသက်မွေးနေတဲ့ သူမဟာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့ ကိုယ်တုံးလုံးချွတ်ပြီး တောထဲမှာ နေခဲ့သလို လပြည့်ညတွေမှာလည်း သဘာဝနဲ့ တသားတည်း ဖြစ်အောင် ဝံပုလွေလို လေ့ကျင့်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
သူမဒီလိုတွေ လုပ်တာက ကြောင်တောင်တောင် နိုင်တယ်လို့ ဆိုနိုင်ပေမယ့် ရုပ်ရှင်ရိုက်တဲ့ အခါ တကယ် စုန်းမတယောက်နေရာမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
(၄) Joker (The Dark Night)
DC ပရိသတ်တင်မက တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဇာတ်ကောင်တခု ဖြစ်တဲ့ The Dark Night ထဲက Joker ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ မင်းသား Heath Ledger ဟာ ဒီဇာတ်ကောင်အတွက် မိတ်ကပ်ကို ကိုယ်တိုင်ပြင်ဆင်ခဲ့ပါတယ်။ သူ့ကို ကမ္ဘာအနှံ့က ပရိသတ်တွေက အပီပြင်ဆုံး Joker လို့ သတ်မှတ်ထားကြပြီး သူဟာ စိတ်ကော လူပါရင်းပြီး ရုပ်ရှင်ရိုက်ခဲ့သူလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ထဲက ဂျိုကာရဲ့ အကျင့်တချို့တောင် သူ့မှာ စွဲကပ်တဲ့ အထိ ဖြစ်ခဲ့ပြီး ရုပ်ရှင်ရိုက်ပြီး သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဒီရုပ်ရှင်ကို ဇာတ်ကောင်နဲ့ တူအောင် ကြိုးစားနေရင်းက စိတ်ကျရောဂါတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
(၅) Griphook (Harry Potter)
ဟယ်ရီပေါ်တာ ဇာတ်ကားထဲက ဘဏ်မှာ အလုပ်လုပ်သူ မှင်စာတဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကိုတော့ အပြင်မှာ မှတ်မိဖို့ တော်တော်လေး ခက်ခဲနိုင်ပါတယ်။ ဒီမှင်စာ နေရာမှာ သရုပ်ဆောင်ဖို့ မိတ်ကပ်လိမ်းချိန်ဟာ ၅နာရီကျော် ကြာမြင့်တာကြောင့် မင်းသားဟာ စတူဒီယို ကို မနက် ၄ နာရီကတည်းက လာရောက်ပြီး မိတ်ကပ် အလိမ်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။
Ref; lifehacks.com