ဟနွိုင်းမြို့ဟာ ဗီယက်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ဒုတိယ လူဦးရေအများဆုံး မြို့တော်ပါ။ ၂၀၁၅ ခုနှစ် လူဦးရေစာရင်းအရ ၇ ဒဿမ ၇ သန်း ရှိပါတယ်။ ၁၈၇၃ ခုနှစ်မှာတော့ ပြင်သစ်ရဲ့ ကျူးကျော်မှုကိုခံခဲ့ရပြီး ၁၈၈၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ပြင်သစ်တွေ အုပ်ချုပ်တာကို ခံခဲ့ရပါတယ်။
ပြင်သစ်တွေရဲ့ နယ်မြေတခုဖြစ်ခဲ့ရတဲ့ ဟနွိုင်းမြို့တော်ထဲက ရပ်ကွက်တခုဟာ အခုတော့လည်း ခရီးသွားဧည့်သည်တွေနဲ့ စည်ကားလာပါတယ်။ ခရီးသွားတွေ အဓိကလာရတဲ့ အကြောင်းရင်းကတော့ ကိုလိုနီခေတ်ကတည်းရှိခဲ့တဲ့ မီးရထားလမ်းပေါ်မှာ selfies ရိုက်ဖို့အတွက်ပါပဲ။
Selfies ယဉ်ကျေးမှုထွန်းကားလာတာနဲ့အညီ ဒေသတခုကိုရောက်တာနဲ့ လူတွေက selfies ကောင်းကောင်းရိုက်နိုင်မယ့်နေရာကို ရှာလေ့ ရှိပါတယ်။ ဟနွိုင်းကိုရောက်သွားရင်တော့ ဧည့်သည်ခရီးသွားတွေက ကိုလိုနီလက်ကျန် မီးရထားလမ်းပေါ် selfies ရိုက်ဖို့ ပြင်ကြတော့တာပါပဲ။
ခရီးသွား ဧည့်သည်တွေတင် မဟုတ်ပါဘူး။ ဗီယက်နမ်သူ၊ ဗီယက်နမ်သားတွေကလည်း တနေ့တာ အပျော်ခရီးထွက်ကြတော့မယ်ဆို ဒီမီးရထားလမ်းပေါ် selfies ရိုက်ဖို့က မပါမဖြစ်ပါပဲ။
“ကျမတို့က မနက်စောစာရောက်သွားတော့ ပတ်ဝန်းကျင်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ပါပဲ”လို့ ဟနွိုင်းမြို့ မီးရထားလမ်းပေါ် ဓာတ်ပုံသွားရိုက်ခဲ့သူတဦးက ပြောပါတယ်။
“ဒေသခံတွေကလည်း ဖော်ဖော်ရွေရွေပါပဲ၊ နောက်လာလည်မယ်ဆိုလည်း ဘယ်လိုအချိန်တွေမှာ အလည်လာသင့်တဲ့အကြောင်း ကျမအကောင့်မှာဝင်ပြီး ကွန်မန့်တွေပေးကြပါတယ်” လို့ ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်နေ့ကမှ အလည်သွားပြီးပြန်လာခဲ့သူတယောက်က ပြောပါတယ်။
တချို့ကတော့လည်း ဖုန်းနဲ့ selfies ရိုက်တာမျိုးလောက် မဟုတ်တော့ဘဲ တကယ့်ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေကိုငှားပြီး ဓာတ်ပုံသွားရိုက်တတ်ကြပါသေးတယ်။ ဆိုရှယ်မီဒီယာခေတ် ဖြစ်တာနဲ့အညီ လူတွေက သူတို့ဘာလုပ်လုပ် သူတို့ကိုယ်ပိုင်အကောင့်တွေပေါ် တင်ပေးလေ့ ရှိပါတယ်။
ဒီမီးရထားလမ်းဟာ ဟနွိုင်းမြို့တော်ရဲ့ ရပ်ကွက်ဟောင်း Le Duan နဲ့ Kham Tien လမ်းကြားမှာ ရှိပါတယ်။ ခုထိလည်း ဒီဇယ်စက်ခေါင်းတပ် မီးရထားတွေက ညနေ ၃ နာရီကနေ ည ၇ နာရီအတွင်း ဟနွိုင်းနဲ့ ဟိုချင်မင်းမြို့ကို ပြေးဆွဲတုန်းပါ။
မီးရထားလမ်းဟာ အိမ်တံခါးဖွင့်လိုက်တာနဲ့ မီးရထားလမ်းပေါ် တန်းရောက်သွားတဲ့အတွက် မီးရထားလမ်းဘေး နေသူတွေအဖို့ အန္တရာယ်များသလို selfies ရိုက်သူတွေအဖို့လည်း အန္တရာယ်တော့များပါတယ်။
Ref : cnn travel & atlasobscura