ဗီဇဆိုတာဟာ သတ္တဝါမရွေး ပါလာတဲ့ အရာဆိုတာကို လက်ခံပါသလား။ ချင်ပန်ဇီတွေကို ဉာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လို့ သတ်မှတ်ထားပြီး လူတွေနဲ့ အနီးဆုံး လုပ်ငန်းတွေမှာ အသုံးချလေ့ ရှိပါတယ်။ အခုဖော်ပြပေးမယ့် တိရစ္ဆာန်တွေက အနုပညာ ဗီဇပါလာတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ အနုပညာနဲ့ ပိုက်ဆံရှာတဲ့အထိ လုပ်နိုင်ပြီလို့ သိရပါတယ်။
(၁) Jumpy
Jumpy လို့ အမည်ရတဲ့ ခွေးလေးဟာ ရှုမျှော်ခင်း ပန်းချီဆွဲရာမှာ အမြင်အရမ်းရှိလွန်းတဲ့ ခွေးဖြစ်ပါတယ်။ သူနဲ့ သူ့သခင် Omar von Muller ဟာ အတူတကွ တွဲပြီး ပုံတွေ ဆွဲလေ့ရှိပြီး တယောက်မရှိရင် တယောက် မနေတတ်ဘူးလို့ သူ့သခင်က ဆိုပါတယ်။ သခင်က ဆွဲရမယ့် ပုံတွေကို လက်နဲ့ထောက်ပြတာတွေကို Jumpy က စိတ်ဝင်တစား ကြည့်လေ့ရှိပြီး တသဝေမသိမ်း ရေးဆွဲပါတယ်။
ဒီလိုပြောလို့ Jumpy ကို အထင်မသေးပါနဲ့။ သူက ပန်းချီဆွဲတဲ့ ခဲတံကို ပါးစပ်မှာ ကိုက်ပြီး မြို့ထဲကို လျှောက်ကြည့်ရင်းလည်း ဆွဲရမယ့် နေရာတွေကို လေ့လာတတ်ပါသေးတယ်။
(၂) Dagger
Dagger ကိုတော့ သူ့ပရိတ်သတ်တွေက ပန်းချီဆရာကြီး ဒါဗင်ချီကို အစွဲပြုပြီး DogVinci လို့ ချစ်စနိုးခေါ်ကြပါတယ်။ သူဟာ မွေးထဲက ပါရမီပါလာသူ ဖြစ်ပြီး အချို့ ပန်းချီကျောင်းဆင်းတွေထက်တောင် ပိုတော်သေးတယ်လို့ ဆိုပါတယ်။ သူဟာ ပန်းချီကားပေါင်း ၁၅၀ ကျော်ကို ဆွဲထားပြီး သူ့ပန်းချီကားတွေကို ပရဟိတအတွက် ရောင်းချတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ တသောင်းခန့် အနည်းဆုံးရရှိတယ်လို့ သိရပါတယ်။
(၃) Metro
Metro ကတော့ အရင်က ပြိုင်မြင်းတကောင်ပါ။ ပြိုင်မြင်းဘဝက အနားယူပြီး အခုအချိန်မှာတော့ ပန်းချီဆွဲနေပါတယ်။ ပြိုင်မြင်းဘဝမှာ ဒူးဒဏ်ရာအကြီးအကျယ်ရပြီး အနားယူလိုက်ရတဲ့ Metro ကို ပန်းချီဆရာတဦးဖြစ်တဲ့ Ron Krajewski က မွေးစားခဲ့ပါတယ်။
ပန်းချီဆရာက Metro ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ Metro ဟာ သူ့သခင်ပန်းချီဆွဲတဲ့ အချိန်တွေမှာ စိတ်ဝင်တစားကြည့်လေ့ ရှိတာကြောင့် သူ့သခင်က အပျော်သဘောနဲ့ ပန်းချီဆွဲခိုင်းခဲ့တဲ့ အခါ Metro ရဲ့ ပန်းချီလက်ရာတွေဟာ အံ့မခန်းဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
အခုဆိုရင် Metro ဆွဲတဲ့ ပန်းချီကားတွေက အမေရိကန်ဒေါ်လာ လေးသောင်းခွဲလောက် တန်ကြေးရှိပြီး ဒီပန်းချီကား ရောင်းရငွေတွေနဲ့ ပြိုင်မြင်းဘဝက အနားယူထားတဲ့ မြင်းတွေကို ထောက်ပံ့တဲ့ နေရာတခု တည်ထောင်ထားပါတယ်။
(၄) Grizzer
ခွေးတကောင်က လောကကြီးကို ဘယ်လို ရှုမြင်သလဲဆိုတာကို ကမ္ဘာကြီးက သိနိုင်ခဲ့တာ Grizzer ကြောင့်လို့ ဆိုနိုင်ပါတယ်။ ကင်မရာ ကုမ္ပဏီ တခုက ခွေးရဲ့ နှလုံးခုန်သံကို လိုက်ပြီး ဓာတ်ပုံရိုက်လို့ ရမယ့် ကင်မရာတခု တီထွင်ပြီးနောက် Grizzer ရဲ့ လည်ပင်းမှာ ကြိုးချည်ပြီး ကင်မရာကို တပ်ပေးခဲ့ပါတယ်။
ကင်မရာက Grizzer ရဲ့ နှလုံးခုန်နှုန်းမြင့်တဲ့ နေရာတွေရောက်ရင် ဓာတ်ပုံရိုက်ပေးတာ ဖြစ်ပါတယ်။ ရလဒ်က အံ့သြစရာပါပဲ။ grizzer ဟာ တကယ်လှပတဲ့ ရှုထောင့်ကိုတွေရောက်ရင် ဓာတ်ပုံရိုက်လာတာကို မြင်တွေ့ရပါတယ်။
(၅) Maple
ဒီခွေးလေးကိုတော့ အင်တာနက်မှာလည်း မကြာခဏဆိုသလို မြင်တွေ့ရပါတယ်။ သူဟာ ဂီတပညာရှင်တဦးဖြစ်တဲ့ အပြင် အင်တာနက်မှာ ထင်ပေါ်ကျော်ကြားသူ ဆိုလည်း မမှားပါဘူး။ သူ့သခင် ဂီတာ တီးတဲ့အခါ သူ့ရဲ့ လက်သေးသေးလေးနဲ့ Drum သံကို လိုက်ပေးတဲ့ ဗီဒီကြောင့် နာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။
ဂီတဟာ အကန့်အသတ်မရှိဘဲ ဘယ်သူမဆို ခံစားနိုင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ Maple ဟာအရမ်း လိမ္မာတဲ့ ခွေးမလေးဖြစ်တယ်လို့ သူ့သခင်က ဆိုပါတယ်။
Ref: giveit.com