အေးချမ်းတဲ့ ဒီဇင်ဘာလကို ရောက်ရှိနေပြီး လူတိုင်းပျော်ရွှင်စွာ ကျင်းပတဲ့ ခခရစ္စမတ်ပွဲတော်ကလည်း နီးကပ်လို့ လာပါပြီ။ ရန်ကုန်မြို့က နေရာအချို့မှာ ခရစ္စမတ်အတွက် ပြင်ဆင်နေတာတွေကို တွေ့နေရပြီး ခရစ္စမတ် ပိတ်ရက်ကို ရင်ခုန်စွာစောင့်မျှော်နေသူတွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် အာရှတိုက် အတွင်းက နိုင်ငံတွေ ခရစ္စမတ်ကို ဘယ်လိုပုံစံနဲ့ ဆင်နွှဲကြသလဲဆိုတာ သိရအောင် ဖော်ပြပေးချင်ပါတယ်။
(၁) ဂျပန်
ဂျပန်နိုင်ငံဟာ ဗုဒ္ဓဘာသာနဲ့ Shinto တို့ကို ကိုးကွယ်တာကြောင့် ဂျပန်နိုင်ငံမှာ ခရစ္စမတ်ကို ပျော်ပွဲရွှင်ပွဲ တခု အနေနဲ့သာ ကျင်းပကြပါတယ်။ မိဘတွေဟာ သားသမီးတွေကို လက်ဆောင်တွေ ဝယ်ပေးကြပြီး လက်ဆောင်တွေကို Christmas Eve မတိုင်ခင် လဲလှယ်လေ့ရှိကြပါတယ်။ အရွယ်ရောက်ပြီး သူတွေကတွေကတော့ ဆန်တာကလော့စ်က လက်ဆောင်တွေကို ပေးလိမ့်မယ်လို့ ယုံကြည်တာကြောင့် လက်ဆောင်လဲခြင်းတွေ ပြုလုပ်လေ့ မရှိဘူးလို့ ဆိုကြပါတယ်။
(၂)တောင်ကိုးရီးယား
တောင်ကိုးရီးယားနိုင်ငံမှာတော့ ခရစ္စမတ်ကို ပိုမိုကျယ်ပြန့်စွာ ကျင်းပလေ့ ရှိပါတယ်။ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ကျင်းပကြပြီး ကျင်းပသူတွေထဲမှာ ခရစ်ယာန်ဘာသာဝင် ၂၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံနဲ့ မတူတာကတော့ ခရစ္စမတ် ပိတ်ရက် နည်းတာပါပဲ။ ခရစ္စမတ် ပြီးတာနဲ့ နောက်တရက်မှာ ကိုးရီးယား လူမျိုးတွေက လုပ်ငန်းခွင် ပြန်ဝင်ကြပါတယ်။ အစိုးရ ရုံးပိတ်ရက်အဖြစ် New Year ကိုသာ သတ်မှတ်ပေးထားပါတယ်။ အနောက်တိုင်းက ခရစ္စမတ်နဲ့ တောင်ကိုးရီးယားရဲ့ ခရစ္စမတ် ကွာခြားမှုကတော့ အစားအစာပဲ ဖြစ်ပါတယ်။
(၃) တရုတ်နိုင်ငံ
တရုတ်နိုင်ငံက သူတို့ရဲ့ ခရစ္စမတ်အဖြစ် တရုတ်နှစ်သစ်ကူးကို သတ်မှတ်ထားတာကြောင့် တကယ့် ခရစ္စမတ်ကို သိပ်ပြီး ကျင်းပလေ့ မရှိပါဘူး။ နှစ်သစ်ကူးမှာသာ တရားဝင်အလုပ်ပိတ်ရက်တွေ ရှိပြီး ခရစ္စမတ်မှာတော့ ရုံး၊ကျောင်းနဲ့ ဈေးဆိုင်တွေ အားလုံးနီးပါး ဖွင့်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်လူငယ်တွေဟာ အပျော်တမ်းအနေနဲ့ ခရစ္စမတ်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်တို့မှာသာ ခရစ္စမတ်ကို အနောက်တိုင်းပုံစံအတိုင်း ကျင်းပလေ့ ရှိပါတယ်။
(၄) ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာတော့ ခရစ္စမတ်ဟာ သာမန် ရက်တရက်ပဲ ဖြစ်ပါတယ်။ ၈၅ ရာခိုင်းနှုန်းက ဗုဒ္ဓဘာသာ၊ ၁၄ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ ဖြစ်ပြီး ကျန်တဲ့ ၁ ရာခိုင်နှုန်းသာ အခြားဘာသာ ဖြစ်တာကြောင့် အလုပ်ပိတ်ခြင်းတောင် မရှိဘူးလို့ သိရပါတယ်။ ဘုရင်ရဲ့ မွေးနေ့က ဒီဇင်ဘာ ၅ ရက်နေ့ ဖြစ်တာကြောင့် ခရစ္စမတ်ထက် ပိုပြီး ဘုရင့် မွေးနေ့ပွဲကိုသာ ကျင်းပပါတယ်။ ထိုင်းဘုရင် နတ်ရွာစံပြီးနောက်မှာ ပျော်ပွဲရွှင်ပွဲ အနေနဲ့တော့ ကျင်းပလာတာမျိုးတွေကို တွေ့ရပါတယ်။
(၅)ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံမှာတော့ ခရစ္စမတ်ပွဲကို အကြီးအကျယ် ကျင်းပပါတယ်။ နိုင်ငံသားတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင် ဖြစ်တာကြောင့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကစတင်ပြီး ကျင်းပလေ့ ရှိပါတယ်။ ဆိုင်တွေကိုတော့ စက်တင်ဘာ လကုန်လောက်ထဲက ခရစ်စမတ် အပြင်အဆင်တွေကို စတင် ပြုလုပ်လေ့ ရှိပါတယ်။ မီးပုံးတွေကို ဝါးတွေနဲ့ အလှဆင်ကြပြီး စက္ကူတွေကို ကြယ်ပုံအလှဆင်လေ့ ရှိပါတယ်။ ဒီလို အလှဆင်ခြင်းကြောင့် ဖိလစ်ပိုင်လူမျိုးတွေက သူတို့ ဘဝအတွက် ကောင်းမွန်တာတွေ ဖြစ်မယ်လို့ ယုံကြည်လေ့ရှိပါတယ်။
Ref ; sbs.com