၂၀၁၈ ခုနှစ်အတွင်း အနောက်တိုင်းက မိဘတွေကြားမှာ ခေတ်စားလာတဲ့ အရာတခုကတော့ သူတို့ ကလေးတွေ ရေးဆွဲတဲ့ ပုံတွေကို တက်တူးထိုးတာပါပဲ။ အရင်က ကလေးတွေဆွဲတဲ့ ပုံတွေကို အလုပ်စားပွဲ၊ ရေခဲသေတ္တာ စတဲ့ နေရာတွေမှာ ကပ်ကြပေမယ့် ဒါကို မကျေနပ်နိုင်သေးတဲ့ မိဘတွေကတော့ အသားမှာ စွဲနေအောင် တက်တူးထိုးကြပါတော့တယ်။
တက်တူးထိုးဖို့ ကြံရွယ်နေတဲ့ မိဘတွေ အတွက် နိုင်ငံအသီးသီးက မိဘတွေရဲ့ တက်တူးတွေကို ဖော်ပြချင်ပါတယ်။
(၁) ပန်းပင်လေးများ
ကလေးတယောက်က သူ့ရဲ့ ဖခင်ကို ပန်းပေးချင်တဲ့အတွက် စာရွက်မှာ ပုံဆွဲပြီးပေးခဲ့ပါတယ်။ ပန်းဝယ်ဖို့ ပိုက်ဆံ မရှိတဲ့ ဒီကလေးဟာ သူ့ရဲ့ ကိုယ်တိုင်ကြိုးစား အားထုတ်မှုနဲ့ ပန်းပင်လေးကို ဆွဲပြီး ပေးခဲ့ပါတယ်။ ပန်းတွေက သူဆွဲထားတဲ့ ပုံစံတော့ အပြင်မှာ တကယ်မရှိလောက်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဖခင်ကတော့ တက်တူးထိုးခဲ့ပါတယ်။
(၂) ကံအကောင်းဆုံး စူပါဟီရိုး
ဒီကလေးကတော့ စူပါဟီးရိုးတယောက်ကို ကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။ ဟီးရိုးရဲ့ နာမည်ကတော့ “Lucky Man” လို့ ခေါ်တယ်လို့ ကလေးက ဆိုပါတယ်။ ဟီးရိုးပုံရဲ့ ဘေးမှာ ပန်းပွင့်ပုံသေးသေးရှိပြီး သူ့ရဲ့ ဖခင်ဟာ သူ့အတွက် တသက်စာ လူစွမ်းကောင်းဖြစ်တယ်လို့ ကလေးက ရည်ရွယ်ပြီး ရေးဆွဲခဲ့ဟန်တူပါတယ်။ Gym မှာ အောက်ပိုင်းထိုင်တဲ့ နေ့ရက်တွေမှာတောင် သူ့အဖေဟာ မရှက်ဘဲ ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။
(၃) မေမေ့ အတွက် လက်ဆောင်
ကလေးတွေ ထုတ်ဖော်ပြောလေ့ရှိတဲ့ ချစ်စကားတွေဟာ မိဘတွေအတွက် မရိုးနိုင်တဲ့ ကဗျာဖြစ်ပါတယ်။ ဒီမိခင်ကတော့ သူ့ကလေး ကျောင်းမသွားခင်ရေးခဲ့တဲ့ “Mom, I Love You” ဆိုတဲ့ စာတိုလေးကို တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ တက်တူးဆရာကလည်း ကလေးရဲ့ လက်ရေးအတိုင်း ထိုးခဲ့ပေးတာကြောင့် စာတိုလေး မတော်တဆ ပျောက်သွားခဲ့ရင်တောင် အသားပေါ်မှာ အမြဲရှိနေပါပြီ။
(၄) ဖေ့ဖေ့အတွက် အမှတ်တရ
“Star Wars” ဇာတ်ကားကို ကြိုက်ကြတဲ့ ကလေးတိုင်း Storm Trooper တွေကို ချစ်ကြပါတယ်။ Glaxy ထဲက စစ်သားတွေ ဖြစ်တဲ့ Storm Trooper တွေဟာ ဗီလိန်ဖြစ်စေဦးတော့ လူတိုင်းရဲ့ နှစ်သက်ခြင်းကို ခံရပါတယ်။ ဒီကလေးကတော့ သူ့အဖေကို သူ့ရဲ့ လက်နဲ့ ရေးဆွဲထားတဲ့ Storm Trooper ပုံကို လက်ဆောင်ပေးတဲ့အခါ သူ့အဖေက ချက်ချင်းကို တက်တူးထိုးလိုက်ပါတယ်။
(၅) လေးနှစ်သား Luke
ဒီလေးနှစ်သား အရွယ် Luke က စာ စရေးနေပါပြီ။ သူ့နာမည်ကို စတင် စာလုံးပေါင်းနိုင်ပြီ ဖြစ်တဲ့ Luke က မွန်းစတားတွေနဲ့ ကားတွေကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် သူ့နာမည်ရဲ့ ဘေးမှာ မွန်းစတား အရုပ်နဲ့ ပြိုင်ကားပုံကို ရေးဆွဲပြီး ဖေဖေနဲ့ မေမေကို ပြတဲ့အခါ ဖေဖေနဲ့ မေမေက ဂုဏ်ပြုတဲ့ အနေနဲ့ တက်တူးထိုးခဲ့ပါတယ်။
Ref ; givelove.com