ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကမ္ဘာအနှံ့က ကြည့်ရှုသူတွေ စိတ်ဝင်စားလာတာနဲ့အမျှ စီးပွားရေးသမားတွေရဲ့ ကြော်ငြာဖို့ရာ ပစ်မှတ်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ လေ့လာချက်တရပ်အရ ကိုရီးယားဇာတ် လမ်းတွဲတွေထဲမျှာ ကုန်ပစ္စည်းကြော်ငြာ အနည်းဆုံး ၅၇ ခုလောက် မသိမသာ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇာတ်လမ်းတွဲကို တရားဝင် စပွန်ဆာပေးတဲ့ အမှတ်တံဆိပ်တွေ အပါအဝင် မင်းသား၊ မင်းသမီး ဝတ်ပြသွားတဲ့ အင်္ကျီဒီဇိုင်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေ၊ အမှတ်တမဲ့ နောက်ခံအဖြစ် ထည့်သွားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် ပုံတွေဟာ အခုနောက်ပိုင်း အသုံးများလာတဲ့ သွယ်ဝိုက်သောနည်းနဲ့ ကြော်ငြာနေတဲ့ ပုံစံတွေပါ။
ကြည့်ရှုသူ အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းရဲ့မှတ်တမ်းတွေအရဆိုရင် နေ့စဉ်ထုတ်လွှင့်ပြသနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ တပိုင်းမှာ သိသိသာသာနဲ့ မသိမသာ ထည့်သွင်းထားတဲ့ အမှတ်တံဆိပ်ကြော်ငြာ ပျှမ်းမျှ ၁၈ ခုလောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။
စားသုံးသူတွေကို ဆွဲဆောင်တဲ့အနေနဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေကို တိုက်ရိုက်ကြော်ငြာတဲ့ နည်းလမ်းထက် ကြည့်ရှုသူတွေ စိတ်ဝင်စားတဲ့ ပဒေသာရှိုး၊ ဇာတ်လမ်းတွဲတွေမှာ သွယ်ဝိုက်သော နည်းလမ်းကတဆင့် ထိုးဖောက်မှုတွေ ပိုများလာတယ်ဆိုတာ သိသာနေပါတယ်။
လတ်တလောပြသနေတဲ့ ဇာတ်လမ်းတွဲ ၁၇ ခုကို လေ့လာကြည့်တဲ့အခါ အမှတ်တံဆိပ်ကြော်ငြာတွေ အများဆုံး ပါဝင်နေတာကတော့ MBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ “Bad Papa” ဇာတ်လမ်းတွဲဖြစ်ပြီး တပိုင်းမှာ ကြော်ငြာ ၁၁၃ ခုထိတောင် ရှိတယ်လို့ သိရပါတယ်။
ကြည့်ရှုသူတွေက ကြော်ငြာတွေကို အထူးသဖြင့် ပဒေသာရှိုး အစီအစဉ်တွေမှာ လျော့ချပေဖို့ တောင်းဆိုလာကြပါတယ်။ ဒါပေမဲ့လည်း တချို့ဇာတ်လမ်းတွဲတွေမှာ ကြော်ငြာတွေထည့်ချင်တာကြောင့် မူရင်း ဇာတ်ညွှန်းကိုတောင် ပြောင်းလဲပြီး ရှေ့က ဇာတ်ကွက်တွေနဲ့ အဆက်အစပ်မရှိပဲ ကြော်ငြာနဲ့ အံဝင်အောင် ထည့်တာမျိုးတွေထိ ရှိလာတာမလို့ ကြည့်ရှုသူတွေ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။
Ref: Allkpop