Poveglia ဟာ အီတလီနိုင်ငံမြောက်ပိုင်းက ကျွန်းလေးတကျွန်းဖြစ်ပြီး Venice နဲ့ Lido မြို့ ကြားမှာ တည်ရှိပါတယ်။ အရင်တုန်းကတော့ ကုန်တင်သင်္ဘော စစ်ဆေးရေးစခန်းတခုအနေနဲ့ အသုံးပြုခဲ့ပေမယ့် အီတလီနိုင်ငံမှာ ပလိပ်ရောဂါ ဖြစ်လာတဲ့အခါ ပလိပ်ရောဂါရှိသူတွေကိုသာ သီးသန့်ထားတဲ့ ကျွန်းတကျွန်း ဖြစ်လာခဲ့ပါတယ်။
၁၅၇၀ ခုနှစ်ကနေ ၁၆၃၀ ခုနှစ်တွေအထိ ပလိပ်ရောဂါရှိသူတွေဟာ ဒီကျွန်းကို ပို့ခံခဲ့ရပါတယ်။ ၁၇၇၇ ခုနှစ်မှာတော့ ပလိပ်ရောဂါကို ပြန်လည်ထိန်းချုပ်လာနိုင်တဲ့အတွက် စစ်ဆေးရေး စခန်းအဖြစ် ပြန်လည် အသုံးပြုလာခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်ဆေးရေးတွေ တင်းကျပ်လွန်းတဲ့အတွက် လှေတစင်းပဲဖြစ်ဖြစ် သင်္ဘောတစင်းပဲဖြစ်ဖြစ် ဒီကျွန်းကို ဖြတ်သွားနိုင်ဖို့က မလွယ်ကူပါဘူး။
ရောဂါသည်တွေ တင်ဆောင်လာမှာ စိုးတဲ့အတွက် အခုလို တားမြစ်ရတာလည်း ဖြစ်ပါတယ်။ ၁၇၉၀ ခုနှစ်မှာတော့ ဒီကျွန်းကိုဖြတ်မယ့် သင်္ဘောနှစ်စင်းပေါ်က လူတွေမှာ ပလိပ်ရောဂါဖြစ်တဲ့ လက္ခဏာ တွေ့ရတဲ့အတွက် ကန့်သတ်နယ်မြေ ထပ်ဖြစ်ခဲ့ရပြန်ပါတယ်။
၁၀ နှစ်လောက်ကြာပြီးလို့ ၁၈၀၀ ပြည့်နှစ်မှာတော့ ပလိပ်ရောဂါအတွက် ဖွင့်ခဲ့တဲ့ဆေးရုံကို အပြီးတိုင် ပိတ်ပစ်ခဲ့ပါတယ်။ ဒီကျွန်းပေါ်မှာ ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ရသူ မြောက်မြားစွာကို မြေမြှုပ်ခဲ့ရပါတယ်။
၂၀ ရာစုအစမှာတော့ အစိုးရက အဆောက်အဦတွေ ဆောက်ပြီး စိတ်ကျန်းမာရေးဆေးရုံ အဖြစ် ပြန်အသုံးပြုခဲ့ပါတယ်။ မကြာခင်မှာပဲ ဒီဆေးရုံက မကောင်းသတင်းတွေ ပျံနှံ့လာပါတယ်။ အဲဒါကတော့ လူနာတွေသေကြောင်းကြံဖို့ နည်းလမ်းကို ဆရာဝန်က အားပေးအားမြှောက် ပြုနေတယ်ဆိုတဲ့ သတင်းပါပဲ။
ဆရာဝန်ဟာ လူနာတွေကို စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲမှုတွေ လုပ်ခဲ့တဲ့အပြင် မုဆိုးက သားကောင်ကို တောလိုက်သလိုမျိုး Hunting Party တွေကိုလည်း လုပ်ခဲ့တယ်လို့ ပြောကြတယ်။ ဆရာဝန် နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာတော့ လူနာတွေလုပ်စရာက တခုပဲ ကျန်တော့တယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကို သတ်သေခြင်းပါ။ ဒီအကြောင်းအချက်တွေအပြင် လူတွေပြောတဲ့ နောက်ထပ် အကြောင်းတချက်ကတော့ တယောက်ယောက်က လူနာတွေကို တိုက်ပေါ်ကနေ တွန်းတွန်းချပစ်တယ်ဆိုတဲ့ သတင်းပါ။
၁၉၆၈ ခုနှစ်မှာတော့ ဒီဆေးရုံကိုလည်း အပြီးတိုင် ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီကတည်းကစပြီး ဒီကျွန်းပေါ်မှာ လူနေထိုင်တာမျိုး မရှိတော့ဘဲ သေပြီးနောက် မကျွတ်မလွတ်တဲ့ သူတွေသာ ကျန်ခဲ့တယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဆေးရုံတရုံ ၊ ဘုရားရှိခိုးကျောင်း တကျောင်းရှိနေပေမယ့် အားလုံးက ပြိုကျပျက်စီးနေပါပြီ။
အခုဆိုရင်တော့ ဒီနေရာဟာ စီးပွားရေး လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် လူနေထိုင်ဖို့ အတွက်ပဲဖြစ်ဖြစ် သင့်တော်တယ်လို့ ဆိုနိုင်ပေမယ့် အခုထိတော့ ဘယ်သူမှလည်း မနေကြသေးဘူး။ဒါကြောင့်လည်း ဒီနေရာဟာ မထင်မရှားနဲ့ မှုန်မွှားမွှားနေရာလောက်သာ ဖြစ်နေပြီး ကမ္ဘာပေါ်က ကြောက်ရွံ့ ထိတ်လန့်စရာ နေရာအဖြစ်သာ ရှိနေပါတော့တယ်။
Ref : historicmysteries