အမျိုးသားတွေဟာ ယောကျာ်းပီသတဲ့ အလှကို ပိုင်ဆိုင်ချင်လို့ မုတ်ဆိတ်မွှေးအရှည်ကြီးတွေ ထားခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတင်ပြီး ထူးဆန်းပြီး ချစ်ဖို့ကောင်းတဲ့ ဓလေ့တခု ပေါ်ထွက်လာပါတယ်။
အဲ့ဒါကတော့ အမျိုးသားတွေရဲ့ မုတ်ဆိတ်မွှေးကို ပန်းနဲ့ အလှဆင်တာပါပဲ။ ဒီလို အလှဆင်တွေကို မင်္ဂလာဆောင် ဓာတ်ပုံရိုက်တဲ့ အခါမှာ အဓိက ပြုလုပ်ကြတယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ သမီး မိန်းကလေးတွေဟာ ဖခင်ရဲ့ မုတ်ဆိတ်မွှေးကို အလှဆင်ပေးတဲ့ Challenge တွေ youtube မှာ အတော်လေး ခေတ်စားခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မှာတော့ Pre Wedding ပုံတွေ ရိုက်ကူးတဲ့ သတို့သား၊သတို့သမီးတွေဟာ သူ့ထက်ငါ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ဖော်ရင်းက ဒီနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
မုတ်ဆိတ်မွှေးတွေမှာ ပန်းအလှထိုးသလို ဒေစီပန်း၊ နှင်းပန်း စတဲ့ ပန်းသေးသေးလေးတွေကို အလှထိုးကြပါတယ်။ ဒီလို ထိုးတဲ့ အခါ သတို့သမီး ကိုင်တဲ့ ပန်းစည်း၊ ဂါဝန် စတဲ့ အရောင်တွေနဲ့ လိုက်ဖက်အောင် ထိုးလေ့ရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ မိသားစု အလှဓာတ်ပုံတွေ ရိုက်ရင်တောင် ဒီလို အလှဆင်တာတွေကိ ု မြင်တွေ့ရပါတယ်။
ဒါကို ဘယ်သူက အစပြုခဲ့တယ်ဆိုတာကိုတော့ သေချာ မသိရပါဘူး။ သမိုင်းတလျှောက် ကြည့်ခဲ့တဲ့ အခါမှာတော့ ၁၉၇၇ ခုနှစ်လောက်မှာ ဒီလို ပုံတွေကို တွေ့ရပါသေးတယ်။
ဟစ်ပီတွေ စတင်ခဲ့တဲ့ နည်းလမ်းဖြစ်နိုင်ပြီး John Phillips သီဆိုထားတဲ့ ဆန်ဖရန်စ္စကို ဆိုတဲ့ သီချင်းမှာ “ တကယ်လို့ မင်းဟာ ဆန်ဖရန်စ္စကို ကို သွားလည်မယ်ဆိုရင် မင်းခေါင်းထက်မှာ ပန်းလေးပန်ဖို့ မမေ့ပါနဲ့” ဆိုတဲ့ စာသားအတိုင်း အဲဒီခေတ်က လူငယ်တွေဟာ ဆန်ဖရန်စ္စကို ကို သွားလည်ရင် ပန်းတွေ ပန်သွားကြတယ်လို့ သိရပါတယ်။ အခုလည်း ဒီလိုပါပဲ။
Instagramမှာ ခေတ်စားလာတဲ့ မုတ်ဆိတ်ကို ပန်းအလှဆင်တဲ့ နည်းလမ်းကို အမျိုးသားတွေက ပျော်ပျော်ကြီး ပြုလုပ် နေကြတာကို တွေ့ပါတယ်။
အားလုံးဟာ လူသားတွေပဲဖြစ်လို့ အမျိုးသားတွေ အနေနဲ့ ပန်းကြိုက်ခွင့် ရှိသလို ပန်းနဲ့ ဓာတ်ပုံရိုက်ခွင့်လည်း ရှိတယ် ဆိုတဲ့ စကားပါ တခါတည်းရေပန်းစားလာခဲ့ပါတယ်။
Ref;boredPD.com