အခုလို အားလပ်တဲ့ခရစ်စမတ်ရာသီမျိုးဟာ အာရှနိုင်ငံတွေဆီ ခရီးထွက်တာ အကောင်းဆုံးပါ ပဲ။ အရှေ့တောင်အာရှဒေသဆိုရင်လည်း ရာသီဥတုက ပုံမှန်အချိန်တွေထက်ကိုပိုပြီး သာသာယာယာရှိနေတတ်ပါတယ်။ ဒီဇင်ဘာလဆိုရင်တော့ ထိုင်းနိုင်ငံက ခရီးထွက်ဖို့အကောင်းဆုံးဖြစ်သလို ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီလည်း အလည်အပတ်သွားလို့ ကောင်းပါသေးတယ်။
မုတ်သုန်ရာသီကလည်း နိုဝင်ဘာလလောက်ကတည်းက ပြီးသွားခဲ့ပြီဖြစ်သလို မိုးလည်း မသည်းတော့ပါဘူး။ အပူချိန်ကလည်း သင့်တင့်တဲ့အတွက် နေထိုင်ဖို့သင့်တော်သလောက်ဖြစ်နေပြီ ဖြစ်ပါတယ်။
တရုတ် ၊ ဂျပန် နဲ့ ကိုးရီးယားနိုင်ငံတွေမှာတော့ ဒီဇင်ဘာလဆိုရင် ရာသီဥတုက အအေးဖက်ကို အတော်လေးရောက်နေပြီ ဆိုရမှာပါ။ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ ဟိမဝန္တာနဲ့ နီပေါ နိုင်ငံတွေမှာတော့ ဒီဇင်ဘာဆို ဆီးနှင်းတွေကျလာပါပြီ။ ဒီအချိန်ဆိုရင်တော့ တောင်တက်ဖို့အဆင် မပြေတော့တဲ့အတွက် တောင်တက်အသင်း တွေလည်း တောင်တက်ခွင့်တော့ ရကြတော့မှာ မဟုတ်ပါဘူး။
ဒီဇင်ဘာလမှာခရီးထွက်မယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံကလည်း ခရီးထွက်လို့ကောင်းတဲ့ နိုင်ငံတနိုင်ငံပါပဲ။ ဒီဇင်ဘာမှာ တကယ် ခရီးထွက်လို့ကောင်းတဲ့ဒေသတွေကတော့ အရှေ့တောင် အာရှနိုင်ငံတွေပါပဲ။ ဘယ်နိုင်ငံတွေကို ခရီးထွက်သင့်သလဲဆိုရင် ထိုင်းနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ ၊ လာအိုနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း အနောက်ဘက်ပိုင်းက Koh Lanta ကမ်းခြေ နဲ့ တခြား ထိုင်းကမ်းခြေတွေက ခရီးထွက်ဖို့ ကောင်းတဲ့ နေရာတွေပါ။
အဲဒီဒေသတွေဆီ ခရီးထွက်မယ်ဆိုရင်တော့ ရာသီဥတုက နွေးနွေးထွေးထွေးရှိနေတတ်သလို နေရောင်ခြည်လည်း နေ့တိုင်းရနေပါလိမ့်မယ်။ ကမ်းခြေအပန်းဖြေခရီးထွက်သူတွေအဖို့ သင့်တော်တဲ့ဒေသတွေပါပဲ။ ညဖက်ဆိုရင်လည်း အပူချိန်က နေလို့ကောင်းရုံလောက်ပါပဲ။
ဒီနိုင်ငံ တွေအပြင် သီရိလင်္ကာနိုင်ငံတောင်ပိုင်းက Unawatuna ကမ်းခြေတွေဆီကိုလည်း သွားသင့်သလို မလေးရှားနိုင်ငံတောင်ပိုင်းက Langkawi ကမ်းခြေကလည်း ဒီဇင်ဘာမှာခရီးထွက် ချင်သူတွေအတွက် သင့်တော်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Rajastan မှာဆိုရင်လည်း ဒီဇင်ဘာရာသီဥတုက တခြားအချိန်တွေထက် ပိုပြီးသာယာပါသေးတယ်။
အခုဖော်ပြပေးခဲ့တာဟာ ဒီဇင်ဘာလအတွင်း ခရီးထွက်သင့်တဲ့နိုင်ငံနဲ့ နေရာတွေပါပဲ။ ခရီး ထွက်သင့်တဲ့ နေရာတွေကိုပြောပြီးသွားတော့ ဒီဇင်ဘာလမှာ ခရီးမထွက်သင့်တဲ့ အာရှရဲ့ နေရာအချို့ ကို ဖော်ပြပေးပါဦးမယ်။
ဒီဇင်ဘာလမှာခရီးမထွက်သင့်တဲ့အာရှရဲ့ဒေသတွေကတော့ Borneo ကျွန်း ၊ Sumatra ကျွန်းဆွယ် ၊ ကွာလာလမ်ပူ ၊ ဘာလီကျွန်း နဲ့ မလေးရှားနိုင်ငံက Perhentian ကျွန်းတို့ပါပဲ။
ဒီဒေသတွေကို ဘာကြောင့်ခရီးမထွက်သင့်တာလဲဆိုတော့ ဒီဒေသတွေဟာ ဒီဇင်ဘာမှာတောင် မိုးရွာတတ်တဲ့ အတွက်ကြောင့်ပါပဲ။
နောက်ထပ် ခရီးမထွက်သင့်တဲ့နေရာတွေကတော့ ဘေကျင်းအပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းဒေသ ၊ ဂျပန်နိုင်ငံမြောက်ပိုင်းဒေသ ၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ ဒီဇင်ဘာဆိုရင် အအေးပိုတဲ့အတွက်ခရီးထွက်ဖို့ မသင့်တော်ပါဘူး။
နောက် တနေရာကတော့ နီပေါနိုင်ငံရဲ့ အမြင့်ပိုင်းဒေသတွေပါပဲ။ ဒီဒေသတွေဟာလည်း အေးလွန်းတဲ့ အတွက် ဒီဇင်ဘာမှာ ခရီးထွက်ဖို့မသင့်တော်ပါဘူး။
ဒီဇင်ဘာမှာတော့ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံနဲ့မတူတဲ့ နှစ်သစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။
နောက်ထပ်ကျင်းပတဲ့ပွဲတော်တွေကတော့ ခရစ်စမတ် ၊ ထိုင်းဘုရင် မွေးနေ့ ( ဒီဇင်ဘာ ၅ ရက် ဘုရင် Bhumibol မွေးနေ့ ) ၊ ဒီဇင်ဘာ ၂၂ ရက်နေ့ဝန်းကျင်လောက်မှာ ကျင်းပတတ်တဲ့ တရုတ်နိုင်ငံက Dongzhi ပွဲတော် ၊ လစဉ်ကျင်းပလေ့ရှိတဲ့ ထိုင်းနိုင်ငံရဲ့ လပြည့်ည ပါတီ ၊ ဒီဇင်ဘာ ၃၀ ရက်နေ့ဝန်းကျင်လောက်မှာကျင်းပတတ်တဲ့ ဂျပန်နိုင်ငံရဲ့ Shogatsu ပွဲတော်နဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာကျင်းပတဲ့ ဂျပန်ဧကရာဇ်မွေးနေ့တွေပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ကတော့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် အာရှကလူတွေလည်း ခရစ်စမတ် ပွဲတော်ကို ပါဝင်ဆင်နွှဲကြ ပါသေးတယ်။ အာရှရဲ့ ကက်သိုလစ်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက တော့ ခရစ်စမတ်ကို အခြားနိုင်ငံတွေ ထက်ကြီးကြီးကျယ်ကျယ်ကျင်းပတာကိုတော့ သံသယရှိစရာ မလိုပါဘူး။
Ref : tripsavvy