Trend

ကလေးဆေးရုံကို ခရစ်စမတ်ဘိုးဘိုးကြီးလိုမျိုး ရုတ်တရက် လည်ပတ်ခဲ့တဲ့ အိုဘားမား

အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဝါရှင်တန်မြို့မှာ ရှိတဲ့ မကျန်းမာတဲ့ ကလေးတွေကို ရုတ်တရက် တွေ့ဆုံဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ခရစ်စမတ်ဘိုးဘိုးကြီးလို ဝတ်ဆင်ပြီး ရောက်ရှိလာခဲ့ပါတယ်။

ဆန်တာဘိုးဘိုးကြီး ဦးထုပ်ကို ဝတ်ဆင်ထားပြီး လက်ဆောင်အိတ်ကို ထမ်းထားခဲ့တဲ့ အိုဘားမားဟာ အမျိုးသားကလေးဆေးရုံမှာ ရှိတဲ့ ကလေးအရွယ် လူနာတွေကို လက်ဆောင်တွေပေးပြီး ဖက်လှဲတကင်း ရှိခဲ့တာကို တွေ့ရပါတယ်။

အိုဘားမားက “ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ ဝန်းထမ်းတွေကို ပြောဆိုခဲ့ပြီး လက်ခုပ်သြဘာပေး အားပေးနေကြပုံကိုလည်း သူ့ရဲ့ Twitter အကောင့်မှာ ဝေမျှထားတဲ့ ဗီဒီယိုတခုမှာ မြင်တွေ့ရပါတယ်။

သူကဆက်ပြီး “အံ့သြဖွယ်ထူးခြားတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုအချို့နဲ့ စကားပြောဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ကလေးနှစ်ယောက်ရဲ့ ဖခင်တဦးအနေနဲ့ ကျနော်ဟာ သူတို့ကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ သူနာပြုတွေ၊ ဝန်ထမ်းတွေ၊ ဆရာဝန်တွေရဲ့ လက်ရှိအခြေအနေကို ကျနော် မှန်းဆနိုင်ပါတယ်။ ဒါဟာ သူတို့အတွက် စောင့်ရှောက်တဲ့ နေရာမှာ အရေးအကြီးဆုံးအရာပဲ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၄၄ ဆက်မြောက် အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ လက်ရှိ ဝါရှင်တန်မြို့မှာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။ သူဆေးရုံကို ဝင်ရောက်လာခဲ့တဲ့ ပုံစံဟာလည်း တကယ့်ရော့ခ်စတား တယောက်လိုမျိုး အကအလှ လှုပ်ရှားမှုတွေနဲ့ အတူ အားလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။

ဆေးရုံရဲ့ Twitter အကောင့်မှာ တင်ထားတဲ့ ဗီဒီယိုကိုတော့ အချိန် ၃ နာရီအတွင်း ကြည့်ရှုသူ ၃ သန်းကျော် ရှိခဲ့ပါတယ်။ “လူနာတွေရဲ့ နေ့ရက်ကို ပိုမိုတောက်ပစေလို့ ကျေးဇူးတင်ပါတယ်၊ အိုဘားမား”လို့ ဆေးရုံက ရေးသားခဲ့ပါတယ်။

လက်ရှိသမ္မတကတော် Melania Trump ကလည်း ပြီးခဲ့တဲ့အပတ်က အဲဒီ့ဆေးရုံကိုပဲ လာရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်အတွင်းမှာ ခရစ်စမတ် ဇာတ်လမ်းတွေကို လူနာတွေဆီ ပြောပြခဲ့ပါတယ်။

Ref: abc

Loading