ခရစ္စမတ် ဓာတ်ပုံတွေကို ပြည်သူ ပြည်သားတွေဆီ ထုတ်ပြရတဲ့ ရိုးရာဟာ တော်ဝင်မိသားစုတွေမှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ အရာတခုဖြစ်ပါတယ်။ ဒီနှစ်တော့ အိမ်ထောင်ပြုလိုက်ပြီဖြစ်တဲ့ တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကလည်း ရိုးရာမပျက်အောင် ဓာတ်ပုံရိုက်ခဲ့ပါတယ်။
မမျှော်လင့်ထားတဲ့ အရာတခုကတော့ မင်းသား ဟယ်ရီနဲ့ မီဂန်တို့ဟာ သာမန် ရိုက်နေကျ မိသားစုပုံမျိုးကို မရိုက်ခဲ့ဘဲ တမူထူးခြားတာကို ပြသလိုက်တာပါ။ လူငယ်ဇနီးမောင်နှံရဲ့ ဓာတ်ပုံဟာ အဖြူအမဲ ဖြစ်နေတာပါ။ နွေဦးမှာ သားသမီးရဖို့ မျှော်လင့်နေတဲ့ သူတို့ စုံတွဲဟာ မေလမှာ ရိုက်ကူးခဲ့တဲ့ Pre wedding က ပုံတပုံကို ထုတ်ပြခဲ့တာပါ။
တော်ဝင်မိသားစုတွေထဲမှာ လျှို့ဝှက်ထားရမယ်ဆိုတဲ့ ပုံတွေကို ပြည်သူတွေကို ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဓာတ်ပုံမှာတော့ သူတို့ နှစ်ဦးဟာ အနောက်ကနေ သိုင်းဖက်ထားကြပြီး နောက်ဖက်ကျောပြင်ကို အဓိကထားရိုက်ကူးထားတဲ့ ပုံလည်း ဖြစ်ပါတယ်။
သူတို့စုံတွဲအတွက် ဒီနှစ် ခရစ္စမတ်ဟာ လက်ထပ်ပြီး အကြင်လင်မယားအနေနဲ့ ပထမဆုံး ကြုံရတဲ့ ခရစ္စမတ်ဖြစ်ပြီး ကလေးမရခင် နှစ်ဦးတည်း ဆင်နွှဲဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။ မင်းသား အကြီးဖြစ်တဲ့ ဝီလီယံကတော့ သာမန် ဓာတ်ပုံကိုသာ ရိုက်ကူးခဲ့ပြီး မိသားစုနဲ့ ပျော်ရွှင်နေဟန် တူပါတယ်။
သူတို့ နှစ်ဦးရဲ့ ဖခင်ဖြစ်သူ မင်းသား ချားလ်ကတော့ တော်ဝင်ဥယျာဉ်ထဲမှာ ရိုက်ကူးထားတဲ့ ပုံကို ထုတ်ပြခဲ့ပါတယ်။ ဒီပုံတွေကို ခရစ္စမတ်ကတ်အနေနဲ့ ပြည်သူတွေ အသုံးပြုခွင့် ရှိတယ်လို့လည်း သိရပါတယ်။
မင်းသား ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ပုံတွေ အပေါ်ဝေဖန်မှုတွေ ရှိနေပြီး သူတို့ အတွဲဟာ မကြာခဏဆိုသလို တော်ဝင်ရိုးရာနဲ့ မလျော်ညီတဲ့ အပြုအမူတွေပြုလုပ်လေ့ရှိတာကြောင့် နန်းတော်အတွင်းမှာ ပြဿနာမီး မကြာခဏ လောင်လေ့ ရှိပါတယ်။ မကြာသေးခင်က အင်္ဂလန်နန်းတွင်းရိုးရာ တခုဖြစ်တဲ့ မိသားစု အမဲလိုက်ပွဲမှာလည်း မင်းသား ဟယ်ရီက လိုက်ပါခြင်းမရှိခဲ့ပါဘူး။
အမဲလိုက်ရတာကို ဝါသနာပါတဲ့ မင်းသား ဟယ်ရီတယောက် အမဲလိုက် မသွားဖြစ်တဲ့ အကြောင်းကတော့ ဇနီးဖြစ်သူ မီဂန်က အပြစ်မဲ့ တိရစ္ဆာန် သတ်ဖြတ်မှုတွေကို ဆန့်ကျင်သူ တယောက်ဖြစ်နေလို့ပါပဲ။ ဒါတွေကြောင့် မင်းသားတွေ အချင်းချင်းလည်း မခန့်မသင့်တာတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တော်ဝင်မိသားစု ပြောရေးဆိုခွင့် ရှိသူတွေက အတည်ပြုခြင်း မရှိသေးပါဘူး။
Ref;Frobes