Trend

သာမန်ကျောင်းသားဘဝမှ ဒုံးပျံပါရဂူ၊ သမ္မတ ဖြစ်လာခဲ့သူ

Want create site? Find Free WordPress Themes and plugins.

ခေတ်သစ် အိန္ဒိယသမိုင်းကိုရေးမယ် ဆိုရင်တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတ အေပီဂျေ အဗ္ဗဒူကလမ် ( Avul Pakir Jianulabdeen Abdul Kalam ) အကြောင်းပါမှပဲ ပြည့်စုံပါလိမ့်မယ်။ သူဟာ သိပ္ပံပညာရှင်တယောက်လည်းဖြစ်သလို ကျောင်းဆရာတယောက်လည်း ဖြစ်ပါတယ်။ နောက်ထပ် အရည်အချင်းတခုကတော့ သူဟာ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတယောက်လည်း ဖြစ်သေးတယ် ဆိုတာပါပဲ။

အဗ္ဗဒူကလမ်ဟာ အိန္ဒိယရဲ့ ၁၁ မြောက်သမ္မတဖြစ်ပြီး လူတွေက သူ့ကို ဒုံးပျံပါရဂူတယောက် အနေနဲ့လည်း သိကြပါသေးတယ်။ သူဟာ ဘဝတလျှောက်ဆုံး ကျောင်းဆရာတယောက်ဖြစ်ခဲ့ပြီး သူဟာ အရာရာကို ရှင်းလင်းပြနိုင်တဲ့ အရည်အချင်းရှိတဲ့သူတယောက်လို့ ကျောင်းသားတွေက ယုံကြည်ကြပါတယ်။

အဗ္ဗဒူကလမ်ဟာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတယောက်ဖြစ်တဲ့အတွက် ဟိန္ဒူဘာသာ ကိုသာ အရိုးစွဲနေတဲ့ အိန္ဒိယလိုနိုင်ငံမှာ သမ္မတဖြစ်ခဲ့တာဟာ အံ့သြစရာပါ။ အိန္ဒိယပြည်သူတွေက အဗ္ဗဒူကလမ်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြတာက သူ့အရည်အချင်းကို ယုံကြည်တဲ့အတွက် ဖြစ်ပါလိမ့်မယ်။

အဗ္ဗဒူကလမ်ဟာ အိန္ဒိယသမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်တော့ ၈၃ နှစ်အရွယ် ရှိနေပါပြီ။

အဗ္ဗဒူကလမ်ကို ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တမီးနာဒူးပြည်နယ်ထဲက ရွာငယ်လေးတရွာမှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေကတော့ Jianuiabdeen ဖြစ်ပြီး လှေပိုင်ရှင် တယောက်ဖြစ်သလို ဗလီဆရာတယောက်လည်း ဖြစ်ပါတယ်။ မိခင်ကတော့ Ashiamma ဖြစ်ပါတယ်။

အဗ္ဗဒူကလမ်ဟာ ကျောင်းနေတုန်းကတော့ စာတအားတော်နေတဲ့ ကျောင်းသားတယောက် တော့လည်း မဟုတ်ခဲ့ပါဘူး။ သာမန်ကျောင်းသားတယောက်သာ ဖြစ်ခဲ့ပေမယ့် သူဟာ သင်ယူလို စိတ်ပြင်းထန်သူ တယောက်တော့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းစာကို ကြိုးကြိုးစားစား သင်ယူခဲ့ပါတယ်။

သူအဓိက စိတ်ဝင်စားတာကတော့ သင်္ချာပါ။ ၁၉၅၄ ခုနှစ်မှာတော့ တမီးနာဒူး ပြည်နယ်ထဲက Tiruchirappalli တက္ကသိုလ်ကနေ ရူပဗေဒအဓိကနဲ့ ကျောင်းပြီးခဲ့ပါတယ်။ Madras နည်းပညာတက္ကသိုလ်ကနေ လေယာဉ်ပျံတည်ဆောက်ခြင်းနဲ့ဆိုင်တဲ့ ပညာရပ်ကို သင်ကြားခဲ့ပါ တယ်။ ဒီဘာသာရပ်ကတော့ သူအထူးပြု လေ့လာခဲ့တဲ့ ဘာသာရပ်ပါပဲ။

အဗ္ဗဒူကလမ်ဟာ သူဘဝတလျှောက်လုံးကို ရိုးရိုးသားသားနဲ့ နှိမ့်နှိမ့်ချချ နေထိုင်ခဲ့ပါတယ်။ ပါရဂူဘွဲ့ရပြီးတဲ့ နောက်မှာတော့ သူဟာ သုတေသနဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာတော့ အဗ္ဗဒူကလမ်ဟာ ရောဟိနီလို့ နာမည်ပေးထားတဲ့ ဂြိုလ်တုတည်ဆောက်ရေး ပရောဂျက်မှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒီ ရောဟိနီဂြိုလ်တုဟာ အိန္ဒိယနိုင်ငံအနေနဲ့လွတ် တင်မယ့် ပထမဆုံးဂြိုလ်တုဖြစ်ပြီး ကမ္ဘာမြေနဲ့ အနီးဆုံးဂြိုလ်ပတ်လမ်းကြောင်းထဲကို ၁၉၈၀ ခုနှစ် မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

အဗ္ဗဒူကလမ်ကတော့ အိန္ဒိယနိုင်ငံအတွက် ကြီးမားတဲ့ သိပ္ပံကမ္ဘာကြီးကို တည်ဆောက်ပေး နိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သူ့အောင်မြင်မှုတွေမှာ ယစ်မူး မနေဘဲ သာမန် လူတယောက်လိုသာ နေထိုင်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ် ဇူလိုင်လမှာတော့ သူဟာ အိန္ဒိယရဲ့ ၁၁ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ သမ္မတ ဖြစ်လာတဲ့အခါမှာတော့ သူ့ပြည်သူတွေအတွက် သူသိထားတဲ့အသိပညာ ၊ အတတ်ပညာတွေကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ သူရဲ့ အပြောင်မြောက်ဆုံး လုပ်ရပ်ကတော့ မူ ၊ လယ် ၊ ထက် ကျောင်းတွေနဲ့ တက္ကသိုလ်တွေဆီ လှည့်လည်ပြီး လူငယ်တွေနဲ့ စကားစမြည် ပြောဆိုခြင်းပါပဲ။

လူငယ်တွေက သူ့ကို မေးခွန်းတွေများစွာ မေးခဲ့ကြသလို လူငယ်တွေဆီကနေပဲ အဖြေတွေ အများကြီးရခဲ့တယ်လို့ အဗ္ဗဒူကလမ်က ပြောခဲ့ဖူးပါတယ်။ သူ့အတွေ့အကြုံတွေကိုလည်း စာအုပ်တွေအဖြစ် ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

ဒုံးပျံပါရဂူ၊ ကျောင်းဆရာ၊ သုတေသနသမား၊ ဘာသာရေး အယူမသီးသူ၊ စာရေးဆရာ၊ သမ္မတဖြစ်ခဲ့တဲ့ အေပီဂျေ အဗ္ဗဒူကလမ်ဟာ ၂၀၁၅ ခုနှစ် ၊ ဇူလိုင် ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါ တယ်။

(မှတ်ချက် ။ အဗ္ဗဒူကလမ်ရေးခဲ့တဲ့ စာအုပ်တအုပ်ကို ဒေါက်တာဘိုးလှိုင်က “ ဦးနှောက်များကို မီးညှိခြင်း ” နာမည်နဲ့ ဘာသာပြန်ပြီး မုံရွေး စာအုပ်တိုက်ကနေ ထုတ်ဝေခဲ့ဖူးပါတယ် )

Ref : NDTV

Did you find apk for android? You can find new Free Android Games and apps.
Loading