အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ အလွယ်တကူရှိတဲ့ ကြက်သွန်ဖြူဟာဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုရုံသာမက ဆံကေသာ ကျန်းမာရေးအတွက်လည်း အသုံးဝင်လှပါတယ်။
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာ၊ ဇင့်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေဟာ ဦးရေပြားပေါ်က ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ဗီတာမင်စီဓာတ်ကတော့ ဆံပင်အရှည်မြန်စေပြီး ဆံပင်ကျွတ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ကြက်သွန်ဖြူကို ဆံကေသာကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
(၁) ကြက်သွန်ဖြူနဲ့ပျားရည်
ကြက်သွန်ဖြူကို ကြိတ်ချေပြီး ရလာတဲ့ ကြက်သွန်ဖြူအရည်နဲ့ ပျားရည်တို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုမှာ ဆံသားတွေနဲ့ ဦးရေပြားအနှံတို့ကို လိမ်းပေးပြီး ခေါင်းလျှော်ရည်နဲ့ စင်ကြယ်အောင် လျှော်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်ခန့်အထိ ပြုလုပ်ပေးမယ်ဆိုရင်တော့ ဆံပင်အရြှည်မန်စေတဲ့အပြင် ဦးရေပြားရဲ့သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် ဆံပင်ကျွတ်ခြင်းကို ထိထိရောက်ရောက် သက်သာစေပါတယ်။
(၂) ကြက်သွန်ဖြူနဲ့အုန်းဆီ
အပူပေးထားတဲ့ အုန်းဆီအနည်းငယ်ကို ကြက်သွန်ဖြူကိုကြိတ်ချေလို့ရလာတဲ့ ကြက်သွန်ဖြူအရည်နဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ ဆံသားအနှံ့ကို လိမ်းပေးပြီး ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းဟာဆိုရင်တော့ ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းတို့ကို သက်သာစေပြီး ဆံကေသာကို ကျန်းမာသန်စွမ်းလာစေမှာ ဖြစ်ပါတယ်။
(၃) ကြက်သွန်ဖြူနဲ့ဂျင်း
ကြက်သွန်ဖြူနဲ့ဂျင်းတို့ကို ရောစပ်ကြိတ်ချေပြီး အုန်းဆီ (ဒါမှမဟုတ်) သံလွင်ဆီ တမျိုးမျိုးနဲ့ ဟင်းချက်တဲ့အခါ ဆီသတ်တဲ့ပုံစံမျိုးအဖြစ် ဆီသတ်ပြီး ကြက်သွန်ဖြူနဲ့ဂျင်းတွေ အရောင်ပြောင်းသွားပြီဆိုရင်တော့ အဖတ်တွေကိုစစ်ပြီး ဆီတွေကိုသက်သက်ဖယ်ထားပေးပါ။
ရလာတဲ့ ဆီနဲ့ ခေါင်းမလျှော်ခင် ၁၅ မိနစ်ခန့်အလိုမှာ ဆံသားအနှံလိမ်းပေးပြီးမှ ခေါင်းလျှော်ပေးမယ်ဆိုရင်တော့ ဦးရေပြားအဆီပြန်တာနဲ့ ဦးရေပြားယားယံခြင်းတွေကို ထိထိရောက်ရောက် သက်သာစေမှာပဲ ဖြစ်ပါတယ်။
Ref. food.ndtv.com