အီသီယိုးပီးယားနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ပြက္ခဒိန်ကတော့ Julian ပြက္ခဒိန်ပဲဖြစ်ပါ တယ်။ ဒီပြက္ခဒိန်ကို အသုံးပြုသူအများစုကတော့ ရှေးရိုးစွဲ ကက်သလစ်ဘာသာဝင်တွေပါပဲ။
ဒီပြက္ခဒိန်ကို ရှေးရောမလူမျိုးတွေကအသုံးပြုခဲ့တာဖြစ်ပြီး ရောမဘုရင်ဂျူးလီယက်ဆီဇာက ခရစ်တော်မမွေးဖွားခင် ဘီစီ ၄၆ မှာ အသစ်ပြန်ပြီးရေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် Julian ပြက္ခဒိန်ကိုအသုံးပြုတဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ ခရစ်စမတ်ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မဟုတ်ဘဲ ဇန်နဝါရီ ၇ ရက်နေ့ဖြစ်ပြီး ခရစ်စမတ်ပွဲကိုတော့ Ganna ဒါမှမဟုတ် Genna လို့ ခေါ်လေ့ရှိကြပါတယ်။ ခရစ်စမတ်ပွဲတော်ကိုလည်း ဇန်နဝါရီ ၇ ရက်နေ့ရောက်မှသာ ကျင်းပလေ့ ရှိကြပြီး ခရစ်စမတ်နေ့မှာတော့ လူအများစုက ဘုရားကျောင်းတက်လေ့ရှိကြပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ဟာ Tsome Nebiyat လို့ခေါ်တဲ့ ဥပုသ်စတင်ရာကာလဖြစ်ပြီး ၄၃ ရက် ကြာမြင့်ပါတယ်။ ဥပုသ်စဝင်တာနဲ့ သက်သတ်လွတ်သာစားလေ့ရှိပြီး တရက်တနပ်သာ စားကြပါ တယ်။ သက်သတ်လွတ်ဥပုသ်ဖြစ်တာကြောင့် ဝိုင်ကိုတောင် မသောက်ကြတော့ပါဘူး။
သူတို့ဟာ Ganna ခေါ်တဲ့ ခရစ်စမတ်ပွဲတော်မှာတော့ အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြပါ တယ်။ လူအများစုကတော့ Netala လို့ခေါ်တဲ့ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြပါတယ်။ ရှေးရောမ သားတွေဝတ်ဆင်လေ့ရှိကြသလို အဖြူရောင်ပိတ်စပါးပါးတွေကို တဘက်လိုပတ်ထားလေ့ရှိပါတယ်။ ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲကိုတော့ ညနေ ၆ နာရီလောက်ကနေစတင်ပြီး မနက် ၃ နာရီ လောက်မှာ ပြီးဆုံးလေ့ရှိတတ်ပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော်ကတော့ Addis Ababa ဆိုတဲ့မြို့ ဖြစ်ပြီး ဘုရားကျောင်း အများစုကတော့ အိမ်လိုလို အဆောက်အဦတွေပါပဲ။ Ganna နေ့မှာဆိုရင်တော့ လူအများစုက ဖယောင်းတိုင်ကိုယ်စီနဲ့ ဘုရားရှိခိုးကျောင်းကို ဘုရားမီးပူဇော်ဖို့ သွားလေ့ရှိပါတယ်။ ဖယောင်းတိုင် ကိုယ်ဆီနဲ့ စနစ်တကျတန်းစီထားတဲ့လူတန်းကြီးဟာ ဘုရားကျောင်းကို သုံးကြိမ်ပတ်ပြီး ဘုရားဝတ်ပြုကြပါတယ်။
ဒါကတော့ အီသီယိုးပီးယားမှာ Ganna ခေါ်တဲ့ ခရစ်စမတ်ကျင်းပပုံပါပဲ။ ဒီလိုအချိန်တွေ. ဆိုရင်တော့ ယောကျ်ားအများစုဟာ ဟော်ကီနဲ့တူတဲ့ ကစားနည်းတမျိုးကို ကစားလေ့ရှိကြပါတယ်။ အစားအသောက်အနေနဲ့ကတော့ အသား ၊ အသီးအရွက် နဲ့ တိရစ္ဆာန်ဥတွေ ရောချက်ထားတဲ့ ရိုးရာအစားအသောက် တမျိုးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေပါ ရောထည့်ထားပါသေးတယ်။
ခရစ်စမတ်ပြီးသွားလို့ ၁၂ ရက်အကြာ ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ Timkat လို့ခေါ်တဲ့ ပွဲတော်တမျိုးကျင်းပပါ သေးတယ်။ အဲဒီပွဲတော်ကိုတော့ ၃ ရက်ကြာကျင်းပလေ့ရှိပြီး ယေရှုခရစ်တော် နှစ်ခြင်းခံတာကို ရည်ရွယ်ကျင်းပတာပဲဖြစ်ပါတယ်။ အဲဒီနေ့တွေမှာတော့ ကလေးတွေအတွက် ဘုရားကျောင်းမှာ ဆုတောင်းပွဲအခမ်းအနား ကျင်းပပေးကြပါတယ် ။
ကလေးတွေကို သင်တိုင်း ရှည်ရှည် ဝတ်ဆင်ပေးထားပြီး သရဖူလည်း ဆောင်းပေးထားပါတယ်။ အရွယ်ရောက်ပြီးသူတွေကတော့ ရိုးရာ ဝတ်စုံဖြစ်တဲ့ Netala ကို ဝတ်ဆင်ကြပါတယ်။ ဘုန်းတော်ကြီးတွေကတော့ အနီ နဲ့ အဖြူ သင်တိုင်းကို ဝတ်ဆင်ကြပါတယ်။ Timkat ပွဲတော်မှာ တော့ အဆိုအတီးတွေလည်းပါဝင်ပါတယ်။
အီသီယိုးပီးယားရဲ့ ခရစ်စမတ်ကျင်းပတဲ့နေ့စွဲက ကျန်တဲ့နေရာတွေနဲ့ မတူသလို နောက်ထပ် ထူးခြားတဲ့အချက်တွေလည်းရှိပါသေးတယ်။
အဲဒါကတော့ တယောက်နဲ့တယောက် ခရစ်စမတ် လက်ဆောင်ပေးလေ့မရှိသလို ယူလေ့လည်းမရှိတာပါပဲ။ တခါတခါမှာတော့ အိမ်မှာရှိတဲ့ကလေးတွေအတွက် မိသားစုဝင်တွေက အဝတ်အစားသစ်လေးတွေ ဝယ်ပေး တတ် တာလောက်ပဲရှိပါတယ်။ အချိန်အများစုကို ဘုရားကျောင်းတွေမှာသာကုန်လေ့ရှိပြီး စုပြုံစားသောက် စုပြုံကစား ဒီလောက်သာ ပြုလုပ်ကြပါတယ်။
Ref : whychristmas