မျက်မှောက်ခေတ်မှာ လူတယောက်ရဲ့ ပျမ်းမျှသက်တမ်းကို ၇၁ ဒဿမ ၅ နှစ်လို့ သတ်မှတ် ထားကြပါတယ်။ ကျား ၊ မ ခွဲပြီးပြောရမယ်ဆိုရင်တော့ ယောကျ်ားတယောက်ရဲ့ ပျမ်းမျှအသက်က ၆၈ နှစ် ၄ လဖြစ်ပြီး မိန်းမတယောက်ရဲ့ ပျမ်းမျှအသက်ကတော့ ၇၂ နှစ် ၈ လ ဖြစ်ပါတယ်။
ဒါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖြစ်တဲ့ WHO ( World Health Organization ) က သတ်မှတ်ထားတဲ့ ပျမ်းမျှ သက်တမ်းပါပဲ။ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးလူတွေကလည်း အမျိုးသမီးတွေသာ ဖြစ်ကြပြီး ဒီအချက်ကပဲ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်ကြတယ်ဆိုတဲ့အချက်ကို ဖော်ပြနေပါတယ်။
ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးဖြစ်တဲ့ အဘွားအို ၅ ဦး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Nabi Tajima
အဘွားအို Nabi Tajima ကတော့ ၂၀၁၈ ၊ ဧပြီ ၂၁ ရက်နေ့ကမှ ကွယ်လွန်ခဲ့တာဖြစ် ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၁၁၇ နှစ် ၊ ၂၆၀ ရက် ရှိခဲ့ပါတယ်။ အဘွားကို ၁၉၀၀ ပြည့်နှစ် ၊ သြဂုတ် ၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အဘွားဟာ ဂျပန်မှာသာ အသက်အကြီးဆုံး စာရင်းဝင်ခဲ့တာ မဟုတ်ဘဲ အာရှရဲ့ အသက်အကြီးဆုံးလူစာရင်းမှာပါ မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။
အဘွားကို Araki အရပ်မှာမွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်အထိ Kikai မှာ နေထိုင်ခဲ့ပါတယ်။ အဘွားမှာ သား ၇ ယောက် ၊ သမီး ၂ ယောက် ရှိခဲ့ပါတယ်။ အဘွားကွယ်လွန်ချိန်မှာတော့ မြေး ၂၈ ယောက် ၊ မြစ် ၅၆ ယောက် ၊ တီ ၃၅ ယောက် ရှိခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အဘွားရဲ့ မိသားစုဝင်ပေါင်းက ၁၆၀ ယောက်ထိ ရှိခဲ့ပါတယ်။
၂။ Chiyo Miyako
နောက်ထပ် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကလည်း ဂျပန်နိုင်ငံက Chiyo Miyako ဆိုတဲ့ အဘွားအိုဖြစ်ပြီး ၂၀၁၈ ခုနှစ် ၊ ဇူလိုင် ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ တော့ အသက် ၁၁၆ နှစ် ၊ ၈၁ ရက် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အဘွားကိုတော့ ၁၉၀၁ ခုနှစ် မေလ ၂ ရက်နေ့က Wakayama မှာ မွေးဖွားခဲ့ပါတယ်။
၃။ Ana Maria Vela Rubio
အဘွားအို Ana Maria Vela Rubio ကို ၁၉၀၁ ခုနှစ် ၊ အောက်တိုဘာ ၂၉ ရက်နေ့က စပိန်နိုင်ငံ ၊ Puente Genil မှာ မွေးဖွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၁၁၆ နှစ် ၊ ၄၇ ရက် ရှိခဲ့ပါတယ်။ အဘွားကတော့ ဥရောပတိုက်ရဲ့ တတိယမြောက် အသက်အရှည်ဆုံး အဘွားအို တယောက်လည်း ဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာလည်းဖြစ်တဲ့ အဘွား Ana ဟာ မိဘတွေက သဘောမတူတာကြောင့် သူချစ်သူနဲ့ လက်မထပ်ခဲ့ရပါဘူး။ လက်မထပ်ခဲ့ရပေမယ့်လည်း သူ့ချစ်သူနဲ့ ကလေး ၂ ယောက် ရခဲ့ပါတယ်။ အဘွား Ana ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
၄။ Giuseppina Projetto
အဘွားအို Giuseppina Projetto ကိုတော့ ၁၉၀၂ ခုနှစ် ၊ မေ ၃၀ မှာ အီတလီနိုင်ငံ ၊ La Maddalena မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၁၁၆ နှစ် ၊ ၃၇ ရက် ရှိခဲ့ပါတယ်။ အဘွားဟာ ၁၉၄၆ ခုနှစ်မှာတော့ ကလေး ၃ ယောက်အဖေ ဖြစ်တဲ့ မုဆိုးဖို Giuseppe Frau နဲ့ လက်ထပ်ခဲ့ပါတယ်။
၅။ Kane Tanaka
အဘွားအို Kane Tanaka ကိုတော့ ၁၉၀၃ ခုနှစ် ၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ဂျပန်နိုင်ငံက Kazuki ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ အဘွားဟာ အခုဆို ၁၁၅ နှစ်ပြည့်သွားခဲ့ပြီဖြစ်သလို အခုလက်ရှိမှာလည်း ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှင်နေထိုင်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ အသက်အရှည်ဆုံး အဘွားအိုဖြစ်တဲ့ Chiyo Miyako ကွယ်လွန်ပြီးတဲ့နောက်မှာတော့ အဘွား Kane က သက်ရှိထင်ရှား ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးတယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အဖွားရဲ့ တူအကြီးဆုံးဖြစ်တဲ့ Gary Okada Funakoshi က သူ့ဇနီးနဲ့အတူ အဘွားရဲ့ အသက် ၁၁၃ နှစ်ပြည့် မွေးနေ့ကိုလာရောက်ဆင်နွှဲခဲ့ပါတယ်။ အဘွားရဲ့ တူကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက ဖြစ်ပါတယ်။
အဘွားဟာ ကဗျာရေးရတာကို သဘောကျပြီး ၁၉၇၀ ခုနှစ်လောက်က ကယ်လီဖိုးနီးယားနဲ့ကော်လိုရာဒိုက သူမရဲ့ ဆွေမျိုးတွေဆီ အလည်အပတ် သွားခဲ့တဲ့အကြောင်းကို ခုထိမမေ့သေးဘဲ စီကာပတ်ကုံး ပြောပြနိုင်တုန်းပဲလို့ Funakoshi က ပြောပါတယ်။
Ref : oldest.org