Instagram မှာ ပုံတင်ရင်း မော်ဒယ်ဖြစ်လာတဲ့ မိန်းကလေး
လူမှုကွန်ရက်တွေဟာ သေချာမှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချမယ်ဆိုရင် သင့်အတွက်ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ အခုခေတ်မှာ နာမည်မရသေးတဲ့ ဆယ်လီအချို့ဟာ Facebook လိုနေရာမျိုးမှာ သူများနဲ့မတူတာတွေ လုပ်ရင်း နာမည်ရလာကြပါတယ်။
သူတို့လိုပဲ အသက် ၁၉ နှစ်အရွယ် သာမန် ကျောင်းသူ ဘဝကနေမှ elle magazine ရဲ့ ကာဗာမော်ဒယ်ဖြစ်လာတဲ့ သူတယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူမက နာမည်က Anok Yai ပါ။
လူမှုကွန်ရက်တွေမှာ တွေ့နေကျဖြစ်တဲ့ မိန်းကလေးအချို့လို သူမဟာ ဖြူဖြူချောချောလေးတော့ မဟုတ်ပါဘူး။ နက်မှောင်တဲ့ အသားအရေနဲ့အတူ သွယ်လျတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်တဲ့ သာမန်ကျောင်းသူလေးတဦးသာ ဖြစ်ပါတယ်။ သူမရဲ့ပုံတွေကို Instagram မှာ အပျော်အဖြစ်တင်ရင်းက များစွာသော မော်ဒယ်အေဂျင်စီတွေရဲ့စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတယ်။
ဒီလိုမျိုး ၁ နှစ်နဲ့ ၂ လအကြာမှာတော့ သူမဟာ မော်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Instagram အကောင့်တခုဖြစ်တဲ့ theSunk ဟာ သူမပုံတွေကို Howard University ရဲ့ပွဲတခုမှာ တင်လိုက်တဲ့အခါ အင်တာနက်အသုံးပြုသူတွေကြားရေပန်းစားခဲ့ပါတယ်။
အဲဒါပြီးတဲ့နောက်မှာတော့ သူမရဲ့ဖုန်းဟာ အဝင် call တွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ “ကျမဖုန်းဟာ ဆက်တိုက်မြည်ပြီး ကမ်းလှမ်းမှုတွေရရှိခဲ့ပါတယ်။ အစကတော့ လူတွေက ကျမပုံတွေကို လှောင်ပြောင်တာကြောင့် နာမည်ကြီးလာတာလားလို့တောင် တွေးမိတယ်”လို့ သူမက ဆိုပါတယ်။
လူတွေဟာ သူမရဲ့ပုံကို meme လုပ်ကြပေမယ့် အပြုသဘောဆောင်တာတွေက ပိုများတယ်လို့ သိရပါတယ်။ သူမဟာ မော်ဒယ်ဖြစ်ချင်ခဲ့တယ် ဆိုပေမယ့် ဒီလိုမျိုးတကယ်ဖြစ်လာမယ်လို့ မထင်မိဘူးလို့ ပြောပြပါတယ်။
သူမရဲ့မိဘတွေက Sudan ကဖြစ်ပြီး မွေးချင်း ၅ယောက်ရှိပါတယ်။ သူမဟာ Biochemistry ဘာသာရပ်ကို Plymouth State University မှာလေ့လာ ဆည်းပူးခဲ့ပါတယ်။ တစုံတယောက်က LA ကိုလာဖို့ လက်မှတ်ဖိုးပေးမယ်၊ ဟိုတယ်ခနဲ့ ဓာတ်ပုံရိုက်ဖို့အတွက်ပါ သူမကို ငွေကြေးထောက်ပံ့လိမ့်မယ်လို့ သူမအဖေက ပြောလာတဲ့အခါ ဒီအလုပ်ကို စဖို့ဖြစ်လာတယ်လို့ုဆိုပါတယ်။
အခုအသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Yai ဟာနာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Prada, Alexander Wang တို့နဲ့ အလုပ်တွဲလုပ်တဲ့ Next management နဲ့ စာချုပ် ချုပ်ဆိုထားသလို ၂၀၁၉ မှာထွက်လာမယ့် Elle magazine ရဲ့ကာဗာမော်ဒယ်အဖြစ်လည်း ဓာတ်ပုံရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် i-D နဲ့ Dazed တို့မှာလည်း မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးထားပါသေးတယ်။
ကဲလူမှုကွန်ရက်တွေဟာ သေသေချာချာသုံးတတ်တယ်ဆိုရင်တော့ သင့်ရဲ့ဘဝကိုတဆစ်ချိုးပြောင်းလဲနိုင်တယ်ဆိုတာ Anok Yai က သက်သေပြသွားပါပြီ။
Ref : www.thisisinsider.com