အလည်အပတ်ခရီးတွေ ထွက်ကြရင် ကိုယ်ဝါသနာပါရာပေါ် မူတည်ပြီး မဖြစ်မနေ သွားကြတဲ့နေရာတွေ ရှိပါတယ်။ စာပေ ဝါသနာရှင်ဆိုလည်း စာအုပ်တွေ အစုံလင်ဆုံး တွေ့နိုင်မယ့် စာအုပ်ဆိုင် ဒါမှမဟုတ် စာကြည့်တိုက်နဲ့ စာပေသမိုင်း ထွန်းကားခဲ့ရာ နေရာတွေကို သွားချင်ကြမှာပါ။ သင်ဟာ စာကြမ်းပိုး တယောက်ဆိုရင်တော့ ကမ္ဘာပေါ်မှ ာရှိတဲ့ စာအုပ်ချစ်သူတွေ ဆုံစည်းနိုင်မယ့် မြို့တော်တွေဆီ ခြေဦးလှည့်ကြည့်ရအောင်။
(၁) Buenos Aires, Argentina
အာဂျင်တီးနားနိုင်ငံမြို့တော် ဗြူနိုအေရိစ်မှာ စာအုပ်ချစ်သူတွေရဲ့ နိဗ္ဗာဘုံလို့ ဆိုနိုင်မယ့် ခမ်းနားလွန်းတဲ့ စာအုပ်ဆိုင်တွေ ရှိပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ထုတ်ပြန်ချက်အရ ဒီမြို့မှာ စာအုပ်ဆိုင်ပေါင်း ၆၉၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဂါးဒီးယန်းသတင်းစာရဲ့ ၂၀၁၅ ခုနှစ် စာရင်းမှာ ရုပ်ရှင်ရုံအဟောင်းကို ပြန်လည်မွမ်းမံထားတဲ့ El Ateneo Grand Splendid စာအုပ်ဆိုင်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအလှဆုံးအဖြစ် မဲပေးခံခဲ့ရပါတယ်။
(၂) Tokyo, Japan
ခေတ်မီအဆောက်အဦတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုကျိုမြို့ပေါ်မှာ စာအုပ်အဟောင်းဆိုင်လေးတွေ ရှိနေတာသိရင် အံ့သြသွားကြမှာလား။ ဟုတ်ပါတယ်။ ဂျင်ဘိုချို ဘူတာနားမှာရှိတဲ့ Jimbocho Booktown မှာ စာအုပ်အဟောင်းတွေကို စင်လေးတွေနဲ့ ခင်းကျင်းရောင်းချနေတဲ့ စာအုပ်အဟောင်းဆိုင်တွေ တန်းစီနေပါတယ်။
ဒီ နေရာမှာ အနည်းဆုံး ဆိုင်ပေါင်း ၁၆၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်တွေ၊ ဗိသုကာနဲ့ ဒီဇိုင်းပညာရပ်တွေအတွက် စာအုပ်တွေကို အများဆုံး တွေ့ရပါတယ်။
(၃) Paris, France
အနုပညာချစ်သူတွေ သွားရောက်လည်ပတ်ကြတဲ့ အချစ်မြို့တော် ပါရီဟာ စာပေချစ်သူတွေအတွက်လည်း လည်ပတ်သင့်တဲ့ နေရာကောင်းတခုပါ။ စာပေသမိုင်းမှာ ပါရီမြို့တော်လောက် ခမ်းနားတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့နေရာ မရှိသေးပါဘူး။ နာမည်ကျော် Shakespeare & Company စာအုပ်ဆိုင်မှာ Paris Review စာအုပ်လေး ဝယ်ဖတ်နိုင်သလို ပြင်သစ်နာမည်ကျော် စာရေးဆရာတွေ သွားလေ့ ရှိတဲ့ La Closerie de Lilas ဘားမှာ အမောပြေသောက်နိုင်ပါသေးတယ်။
(၄) Hay-on-Wye, Wales
အင်္ဂလန်နဲ့ ဝေးလ်နယ်စပ်က မြို့ငယ်လေးမှာ စာအုပ်အဟောင်း အရောင်းဆိုင်ပေါင်း ၃၀ ကျော်လောက် ရှိပြီး နှစ်စဉ် ကမ္ဘာအနှံ့က စာရေးသူ၊ စာဖတ်သူ၊ စာအုပ်ဆိုင်ပိုင်ရှင်တွေ၊ စာပေကို စိတ်အားထက်သန်သူတွေ တွေ့ဆုံကြ တဲ့ Hay Festival ဆိုတာလည်း ရှိနေပါတယ်။
(၅) London, England
လန်ဒန်မြို့ဟာ စိတ်ကူးယဉ်ဆန်ဆန် ဝတ္ထုပေါင်းများစွာ စတင်အခြေတည်ရာလို့ သတ်မှတ်ကြပါတယ်။ နာမည်ကျော် စာရေးဆရာ ရှိတ်စပီးယားနဲ့ ချားလ်ဒစ်ကင်တို့ရဲ့ စာပေတွေနဲ့ သင့်ခရီးကို စတင်နိုင်သလို နောက်ထပ် မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာက British Library ပါ။ စာပေနဲ့ ပတ်သက်တဲ့ လေ့လာစရာအစုံ အမျိုးအစားလိုက်ရှိပြီး ပြပွဲတွေလည်း အချိန်အခါလိုက် ကျင်းပတတ်ပါတယ်။
(၆) Edinburgh, Scotland
အီဒင်ဘတ်မြို့ဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကြီးဆုံး စာအုပ်ပွဲတော်ဖြစ်တဲ့ The Edinburgh International Book Festival ကို ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ကို နောက်နှစ် ၂၀၁၉ မှာ သြဂုတ် ၁၀ ရက်ကနေ ၂၆ ရက် နေ့ထိ ကျင်းပသွားဖို့ ရှိပါတယ်။ ဒါ့ပြင် Writers’ Museum နဲ့ Scottish Poetry Library မှာလည်း နိုင်ငံရဲ့စာပေ သမိုင်းကျောင်းတွေကို လေ့လာနိုင်ပါတယ်။
(၇) Berlin, Germany
ပါရီလောက် စာပေအနုပညာရှင်တွေမများပေမယ့် ဘာလင်မှာလည်း နာမည်ကျော်စာရေးဆရာတွေ ပေါ်ထွက်ခဲ့ ပါတယ်။ Franz Kafka, Vladimir Nabokov, Christopher Isherwood ဟာ ဂျာမနီနိုင်ငံရဲ့ နာမည်ကျော်စာ ရေးဆရာတွေပါ။
ဒါ့အပြင် စာပေသမိုင်းမှာ ဝမ်းနည်းဖွယ် အမှတ်တရဖြစ်ခဲ့တဲ့ Bebelplatz အမှတ်တရ နေရာမှာတော့ စာအုပ်တွေ မြင်တွေ့ရမှာ မဟုတ်ဘဲ မြေအောက်ခန်းထဲမှာ လစ်ဟာနေတဲ့ စာအုပ်စင်တွေကိုပဲ မြင်ကြရမှာပါ။ ၁၉၃၃ ခုနှစ်မှာ နာဇီတွေဟာ ဒီနေရာမှာ စာအုပ်အမြောက်အမြားကို မီးရှို့ပြီးသမိုင်းကြောင်းတွေကို ဖျောက်ပစ်ခဲ့ကြပါတယ်။
Ref: Reader’s Digest