လကုန်ရက်ကလည်း ရောက်လာပါပြီ။ သိပ်မကြာခင် လစာ ထုတ်ပြီးရင် New Year ကိုလည်း လုပ်ချင်သေးတယ်။ လစာကလည်း ဘယ်တော့မှ မခံဘူး။ လကုန်ပြီး တရက်နှစ်ရက်နေတာနဲ့ ချက်ချင်း လစာကုန်သွားတဲ့သူတွေ ရှိမှာပါ။ အနည်းဆုံးတော့ လစာ တခါထုတ်ပြီး နောက်လ မကုန်ခင် ရက်ပိုင်းထိ ငွေကျန်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီတခါမှာ ထုတ်ထားတဲ့ လစာတွေ မြန်မြန်မကုန်အောင် လိုက်နာရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဝင်ငွေ၊ ထွက်ငွေ မျှပါစေ
ဝင်ငွေ ထွက်ငွေ မျှဖို့ဆိုရင်တော့ အရင်ဆုံး ဝင်ငွေကို သေချာသိနေမှ ရပါလိမ့်မယ့်။ ဒီတလရဲ့ ဝင်ငွေက ဘယ်လောက် ရှိသလဲ။ အခန်းခ၊ ရေဖိုး၊ မီးဖိုး၊ ဖျားနာစရိတ်၊ စားစရိတ် စတာတွေကို နှုတ်လိုက်ရင် လစာ ဘယ်လောက်ပိုမလဲ။ ပိုတဲ့ လစာကို ချင့်ချိန်ပြီးမှ Online Shop တွေက အဝတ်ဝယ်တာတွေ အပိုဆာဒါးတွေကို သုံးဖို့ စဉ်းစားချင်ပါတယ်။ ဒီလိုသာ တကယ် ချင့်ချိန်ပြီး နေနိုင်မယ်ဆိုရင်တော့ “ပြတ်တုန်းလပ်တုန်း ၂၃” ဆိုတာမျိုးတွေ နည်းလာမှာ သေချာပါတယ်။
(၂) စိတ်ကို ချုပ်တည်းထားပါ
ဒီစကားက ပြောရတာတော့ နည်းနည်း ရင့်သီးသလို ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ် အကျိုးရှိပါတယ်။ ဘာကိုပဲတွေ့တွေ့ ဝယ်ချင်တာ၊ မုန့်တွေ တနေ့တမျိုး မရိုးရအောင် စားချင်တာတွေက သင့်ကို ပိုက်ဆံကုန်အောင် လုပ်နေတဲ့ အရာတွေပါပဲ။ အဓိကကတော့ စိတ်အလိုမလိုက်ဖို့ပါ။
အပြင်သွားမယ်ဆိုရင်လည်း ကိုယ်အမှန်တကယ် သုံးမှာထက် ပိုပြီး ပိုက်ဆံကို မသယ်သွားဖို့ အကြံပေးချင်ပါတယ်။ လူတိုင်းဟာ လက်ထဲ ပိုက်ဆံပါရင် ပါသလောက် သုံးတတ်တာချည်းမလို့ လုပ်ချင်တာလုပ်မိပြီး အိမ်ပြန်လာတဲ့ အချိန်ရောက်မှ နောင်တရတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ စိတ်ကို တတ်နိုင်သလောက် ချုပ်တည်းထားမှပဲ ရပါလိမ့်မယ်။
(၃) အပြင်စာတွေ အရမ်း မစားပါနဲ့
ပိတ်ပင်တာတော့ မဟုတ်ပေမယ့် နေ့စဉ်ရက်ဆက် အပြင်စာတွေ စားမယ်ဆိုရင် ပိုက်ဆံက ဘယ်လိုမှ လောက်နိုင်မှာ မဟုတ်ပါဘူး။ တလမှာ ၂ ခါ သုံးခါလောက် စားတာမျိုးကို လက်ခံပေးလို့ ရပေမယ့် အမြဲတမ်းဆိုရင် သင့်လစာကို သင် သေချာတောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ တရက်ကို ပုံမှန် ၅ ထောင်ပဲ သုံးမယ်ဆိုရင်တောင် တလကို တသိန်းခွဲ ကုန်နေပါပြီ။
ဒီထဲမှာ အိမ်လခ စတာတွေ ထည့်သွင်းတွက်ထားခြင်း မရှိသေးပါဘူး။ တကယ်လို့ လစာ ၂ သိန်းကျော်ကျော်လောက်သာ ရမယ်ဆိုရင် တရက်ကို ၅ ထောင် သုံးတာက တော်တော် ကုန်တဲ့ အထဲပါနေပါပြီ။ ငွေစုမိဆောင်းမိဖို့ ဆိုတာ မမက်ရဲတဲ့ အိပ်မက်တခုလိုပါပဲ။ ဒါကြောင့် အပြင်စာ စားတာကို လျော့ဖို့ တိုက်တွန်းချင်ပါတယ်။
(၄) အသုံးစရိတ်ကို ချုံ့လို့ ရသလောက် ချုံ့ပါ
နယ်မှာနေတဲ့သူတွေ အတွက်တော့ သွားလာ စရိတ်မှာ ဆိုင်ကယ်ဆီ ထည့်ထားရုံလောက်ပဲ ပိုက်ဆံက ကုန်တာပါ။ ရန်ကုန်မှာ အလုပ်လုပ်နေသူတွေကို တိုက်တွန်းချင်တာက တတ်နိုင်သလောက် လိုင်းကားပဲ စီးဖို့ပါပဲ။ လိုင်းကား ၁၀ ကြိမ်စီးလို့ ကုန်တဲ့ ပိုက်ဆံဟာ Taxi တကြိမ်စီးတာနဲ့ ညီမျှပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လိုင်းကားစီးပြီးသာ သွားဖို့ တိုက်တွန်းရတာပါ။
အလုပ်က သူငယ်ချင်းတွေနဲ့ မျှပြီးစီးတာမျိုးက ကိစ္စ မရှိပေမယ့် တယောက်တည်း အလုပ်က အသွားအပြန်တိုင်း Taxi စီးနေတာမျိုးက ပိုက်ဆံဖြုန်းရာ ကျလွန်းပါတယ်။ နောက်ထပ် အရေးကြီးတာကတော့ လစာ ထုတ်ပြီးပြီးချင်း အပြင် မသွားဖို့ပါပဲ။ လစာထုတ်လာပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်ထိုင်တာ၊ Shopping Mall တွေထဲ ဝင်လိုက်တာတွေကလည်း သင့်ကို ပိုက်ဆံကုန်အောင် လုပ်နေတဲ့ အဓိက အချက်တွေပါပဲ။
Ref ; brightsidea