ပိုက်ဆံ ချမ်းသာလာဖို့ဆိုတာ လူတိုင်းရဲ့ ဘဝမှာ စိတ်ကူးယဉ် အိပ်မက်ပါ။ မြန်မာနိုင်ငံမှာဆို ချမ်းသာဖို့က ပိုပြီး ခက်ခဲပါတယ်။ ဒါပေမဲ့ ချောင်လည်တဲ့ ဘဝကို မြန်မြန်ရောက်ဖို့အတွက် သန်းကြွယ်သူဌေးတွေဆီက သင်ယူနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ နှစ်သစ်ကို ရောက်တော့မယ်ဆိုတော့ ၂၀၁၉ ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ နှစ်တနှစ် ဖြစ်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ၅၀၊ ၃၀၊၂၀ စည်းမျဉ်း
ဒီစည်းမျဉ်းကတော့ ငွေကြေးစုဆောင်းတဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ပထမဆုံး နည်းလမ်းဖြစ်တဲ့ ၅၀ ဆိုတာက အသက်ရှင်နေထိုင်ရေး အတွက်ပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို နေ့စဉ် စားသုံးမှုအတွက် သုံးစွဲပါ။ ၃၀ ရာခိုင်နှုန်းကိုတော့ တကိုယ်ရည်ပစ္စည်းတွေ အတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။ သင်ဝါသနာပါရာတွေကို ဝယ်ဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက် သုံးသင့်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ စုဖြစ်အောင် စုပါလို့ အကြံပေးချင်ပါတယ်။ ဒါမှသာ အရေးကိစ္စ တခုခု ပေါ်ပေါက်လာခဲ့ရင် သင့်မှာ ငွေရှိနေမှာ ဖြစ်ပါတယ်။
(၂) အောင်မြင်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါ
အောင်မြင်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါလို့ ပြောတာဟာ အောင်မြင်တဲ့သူတွေနားမှာ ကပ်ပြီး ဖားနေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြားသိနေဖို့ လိုအပ်ပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့ အတိုင်းပါပဲ။ သင့်နားမှာ အောင်မြင်တဲ့သူတွေကို နေ့တိုင်းတွေ့နေရတယ်ဆိုရင် သင့်ရဲ့ မသိစိတ်ထဲမှာရော သိစိတ်ထဲမှာပါ အလုပ်ကြိုးစားလိုစိတ်တွေ ကိန်းအောင်းနေပါလိမ့်မယ်။
သင့်အနီးအနားက လူတွေဟာ သင့်ကို ပိုမြင့်မားတဲ့ အိပ်မက်တွေကို မက်နိုင်အောင် တွန်းအားပေးခြင်း၊ ကူညီခြင်းတွေ လုပ်နိုင်သလို သင့်ဘေးကလူတွေကပဲ သင့်ဘဝကို နိမ့်ကျသွားအောင်အထိ ဆွဲချသွားနိုင်လို့ အပေါင်းအသင်းကို ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာကတော့ သင်ကိုယ်တိုင်လည်း အပေါင်းအသင်းကောင်းဖြစ်နေဖို့ လိုအပ်ပါတယ်။
(၃) ငွေက အရေးအကြီးဆုံး မဟုတ်ပါဘူး
နေ့စဉ်ဘဝမှာ ငွေက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ငွေပြီးရင်းငွေ ဖြစ်နေစရာတော့ မလိုပါဘူး။ သင်ချစ်တဲ့ မိသားစု၊သူငယ်ချင်းတွေကို အချိန်ပေးဖို့ ချစ်ခင်တဲ့ စိတ်နဲ့ နေနိုင်ဖို့ အရေးကြီးပါသေးတယ်။ ငွေက အရေးကြီးတယ်ဆိုပေမယ့် ငွေနောက်ကို လိုက်ဖို့ အတွက် သင့်ရဲ့ ကျန်းမာရေး၊ မိသားစုနဲ့ သင့်ရဲ့ ကိုယ်ပိုင်ဘဝကို မစွန့်လွှတ်လိုက်ပါနဲ့လို့ အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား သန်းကြွယ်သူဌေး တဦးဖြစ်တဲ့ Grant Sabatier က အကြံပေးထားပါတယ်။
Ref ; brightest