ဒီနေ့ခေတ် လူသားတွေဟာ သူတို့ရဲ့ စွန့်စွန့်စားစား အပြုအမူတွေနဲ့ လူတွေကို ဆွဲဆောင်လေ့ ရှိကြပါတယ်။ “Mario Rigby” ဆိုသူကလည်း အဲလို လူသားထဲက တယောက်ပါ။ သူကတော့ တောင်အာဖရိက၊ Cape Town မြို့ကနေ အီဂျစ်နိုင်ငံ၊ Cairo မြို့အထိ မိုင်ပေါင်း ၇၄၅၆ ခရီးကို အချိန် ၂ နှစ်ကြာတဲ့အထိ လမ်းလျှောက်ခရီး သွားခဲ့ပါတယ်။
Rigby ကို ၁၉၈၅ ၊နိုဝင်ဘာ ၂၄ ရက်နေ့က အတ္တလန်တိတ် သမုဒ္ဒရာအတွင်းက Grand Turk ကျွန်းစုမှာ ဖွေးဖွားခဲ့ပါတယ်။ သူဟာ ကနေဒါနိုင်ငံသားတယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့မိသားစုဟာ ဂျာမနီနိုင်ငံ၊ Stuttgart ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ Riggy ဟာ Hamilton မှာ အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီး သူ့အသက် ၁၈ နှစ်မှာတာ့ လန်ဒန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အစပိုင်းလောက်မှာတော့ သူဟာ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ပါတယ်။
အဲဒါကတော့ အာဖရိကမြို့တော် Cape Town ကနေ အီဂျစ်မြို့တော် Cairo ကို ခြေလျင်ခရီးထွက်ဖို့ပါပဲ။ ဒီအကြံကို သူ့မိခင်နဲ့ သူညီဖြစ်သူကိုပြောပြတဲ့အခါ သူတို့ကလည်း လက်ခံကြပါတယ်။
“အမေကတော့ ကျနော့်ကို အခုလိုပဲ ပြောတယ်ဗျ။ တကယ်လို့များ မင်းခြေထောက်တွေ ရိုက်ချိုးခံခဲ့ရမယ် ဆိုရင်တောင် အားမလျှော့နဲ့။ ဝှီးချဲနဲ့သာ ဆက်သွားပါ။ အဲလိုသာ ဆိုရင်တော့ မင်းက အာဖရိကကိုဖြတ်ပြီး ဝှီးချဲနဲ့ ခရီးထွက်ခဲ့တဲ့ ပထမဆုံး လူတယောက် ဖြစ်လာလိမ့်မယ်”လို့ Riggy က ရယ်ရယ်မောမော ပြောပါတယ်။ မိခင်ရဲ့စကားကြောင့်ပဲ သူ့မှာ ဖိအားတွေ မရှိခဲ့ဘူးလို့ Riggy က ပြောပါတယ်။
ခရီးစတင်တဲ့ နေ့ကတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ဖြစ်ပြီး သူ့အသက် ၃၀ ပြည့်တဲ့နေ့ပါ။ “အာဖရိကကို ဖြတ်သန်းခြင်း”ဆိုတဲ့ ဒီအစီအစဉ်ကို ဆိုရှယ်မီဒီယာတွေပေါ် တင်ပြီးတဲ့နောက်မှာတော့ သူ့ခရီးစဉ်အတွက် အလှူငွေပေါင်း ဒေါ်လာ ၁၄၀၀၀ လောက် ရခဲ့ပါတယ်။
အချိန် ၂ နှစ်၊ ၃ လကြာပြီးတဲ့ နောက်မှာတော့ သူလမ်းလျှောက်ခဲ့တဲ့ မိုင်ပေါင်းက ၇၄၅၆ မိုင်ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံကိုလည်း လမ်းလျှောက် ဖြတ်သန်းခဲ့ပါတယ်။ သူ လမ်းလျှောက်ခဲ့တဲ့ နိုင်ငံတွေကတော့ South Africa, Egypt, Malawi, Mozambique, Tanzania, Kenya, Ethiopia နဲ့ Sudan စတဲ့ နိုင်ငံတွေပါ။
လမ်းခရီး တလျှောက်မှာတော့ တနေ့ကို ၃ ဒေါ်လာ နဲ့ ၅ ဒေါ်လာကြားသာ အသုံးပြုခဲ့ပါတယ်။ ဘယ်နေရာကိုပဲရောက်ရာက် သူမသိတဲ့ လူစိမ်းတွေရဲ့ စူးစမ်းအံ့သြတဲ့ အကြည့်တွေနဲ့ ကြင်နာမှုတွေကိုလည်း သူရခဲ့ပါသေးတယ်။ အဲဒီလူတွေဆီကပဲ အစားအသောက်နဲ့ ဆေးဝါးတွေ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူနောက်ထပ်ရရှိခဲ့တာကတော့ သူငယ်ချင်းအသစ်တွေလို့ ဆိုပါတယ်။
Ref : afar