“သတိ မေ့တတ်တယ်” ဆိုတာ လူတိုင်းလိုလိုမှာ ဖြစ်တတ်ကြတာ မှန်ပေမယ့် တချို့သူတွေကတော့ တခြားသူတွေထက် ပိုပြီး လွန်လွန်ကဲကဲ မေ့လျော့တတ်ကြပါတယ်။ အသက်အရွယ်ကြီးလို့ မေ့လျော့တတ်သူတွေ ရှိသလို ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်လွန်းသူတွေအတွက် အကျိုးရှိပြီး အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) စာရင်းလုပ်ပါ
“ဘယ်နေ့မှာ ဘာလုပ်ရမယ်”ဆိုတာမျိုးကို မှတ်စုစာအုပ်မှာ ချရေးထားပြီး စာရင်းလုပ်ထားခြင်းဟာ မေ့တတ်လွန်းသူတွေအတွက်တော့ တကယ် အသုံးဝင်စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ ပြက္ခဒိန်ပေါ်မှာ မိမိပြုလုပ်ရမယ့် အလုပ်တွေကို ရက်သတ်မှတ်ပြီး အမှတ်အသားပြုလုပ်ထားခြင်းကလည်း မေ့တတ်လွန်းတဲ့ ပြသနာအတွက် အကူအညီဖြစ်စေပါတယ်။
(၂) အပြင်သွားတဲ့အခါတိုင်း ပြန်လည်စစ်ဆေးပါ
အပြင်သွားမယ့်အခါတိုင်းမှာ မိမိအိတ်ထဲမှာ လိုအပ်တဲ့ ပစ္စည်းတွေ ပါ၊ မပါကို နှစ်ခေါက်လောက်ပြန်လည်စစ်ဆေးခြင်းက အပြင်ရောက်မှ ဟိုမေ့၊ ဒီမေ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
(၃) ပစ္စည်းတွေကို တခါယူပြီးတိုင်း နေရာတကျ ပြန်ထားပါ
မေ့တတ်လွန်းသူတွေအတွက် နောက်ထပ် ကြုံတွေ့ရတဲ့ ပြသနာတခုကတော့ ပစ္စည်းတွေကို ဘယ်နေရာထားမိမှန်း မသိတာပဲ ဖြစ်ပါတယ်။ ဒီလိုပြသနာမျိုး မဖြစ်ရအောင် ပစ္စည်းတွေကို တခါယူသုံးပြီးတိုင်း သူ့နေရာနဲ့သူ နေရာတကျ ပြန်လည်ထားခြင်းက ကူညီဖြေရှင်းပေးနိုင်ပါတယ်။
(၄) မှတ်ဉာဏ်ကောင်းမွန်လာစေဖို့ လမ်းလျှောက်ပေးပါ
သုတေသနလေ့လာချက်တွေအရ လမ်းလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် မေ့လျော့လွန်းတတ်သူတွေအနေနဲ့ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။
(၅) Sticky note တွေကို မြင်သာတဲ့နေရာမှာ ကပ်ထားပါ။
အရေးတကြီးပြုလုပ်ရမယ့် ကိစ္စတွေကို မေ့လျော့တာမျိုးမဖြစ်ရအောင် အလွယ်တကူမြင်နိုင်တဲ့ နေရာမျိုးတွေမှာ Sticky note ထဲ ရေးမှတ်ထားပြီး ကပ်ထားခြင်းက အသုံးတည့်စေပါတယ်။ မိမိရဲ့ မြင်ကွင်းထဲမှာ အမြဲလိုလို မြင်နေရတာကြောင့် ဘယ်နေ့ ဘာလုပ်ရမယ်ဆိုတာမျိုးကို မေ့လျော့တဲ့ ပြဿနာကနေ အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
Ref : www.wikihow.com