လူတိုင်းဟာ နှစ်သစ်ကူးချိန်မှာ နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချတတ်လေ့ရှိပါတယ်။ သင်က အမှန်တကယ် အောင်မြင်မှုကို လိုချင်တဲ့သူ ဆိုရင် သင့်ကိုသင် ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အခု နှစ်သစ်ကို ရောက်ပြီဆိုတော့ နှစ်သစ်မှာ သင့်ကိုယ်သင် ပြောင်းလဲဖို့ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရိုးရှင်းတဲ့ ကတိတွေကိုပဲ ထားပါ
နှစ်သစ်ကို ရောက်ပြီဆိုတာနဲ့ လူတွေဟာ အဲဒီ တနှစ်အတွင်းမှာ မနှစ်ကနဲ့ မတူအောင် ဘယ်လို ပြောင်းလဲနေထိုင်မလဲဆိုတဲ့ စည်းကမ်းအကြီးကြီးတွေကို ကိုယ်တိုင်ချမှတ်ပါတယ်။ တနှစ်လုံးမှာ ကိုယ်အမှန်တကယ် ဖြစ်ချင်တဲ့ အဓိက ရည်မှန်းချက်ကို တခုပဲထားပါ။ ပြီးရင်တော့ အသေးအမွှားလေးတွေက စတင်ပြီး ပြောင်းလဲပါ။
ဥပမာ- သင်က မနက် အိပ်ရာထရမှာ ပျင်းတဲ့ သူဆိုရင် တခါတည်း မနက် ၆ နာရီလောက် ထမယ်လို့ ဆုံးဖြတ်မယ့်အစား အရင်က သင်ထနေကျ အချိန်ထက် နာရီဝက်လောက်ကိုပဲ စောစော ထကြည့်ပါ။ ဒီလို အသေးအမွှားတွေကနေ သင့်ကိုယ်သင် စတင်ပြောင်းလဲယူပါ။
(၂) ဂရုတစိုက် ရွေးချယ်ပါ
သင်အမှန်တကယ် ဖြစ်ချင်တာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သင်ရွေးချယ်ထားတဲ့ အရာက သင့်ကျန်းမာရေးနဲ့ သင့်စိတ်ပျော်ရွှင်မှုကို ရမှာ သေချာလားဆိုတာ စဉ်းစားတတ်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ – ဆေးလိပ်သောက်တာဟာ သင့်ကျန်းမာရေးအတွက် မကောင်းမွန်တာ သင်လည်း သိမှာပါ။
ဒီနှစ်မှာ လုံးဝမဖြတ်နိုင်ရင်တောင် လျော့ပြီး သောက်ဖို့ ရည်ရွယ်ချက်ထားသင့်ပါတယ်။ သင်ချထားတဲ့ စည်းကမ်းကို အမှန်တကယ်လိုက်နာနိုင်တယ်ဆိုရင် သင့်ကိုယ်သင် ဆုချဖို့ မမေ့ပါနဲ့။
(၃) ဇွဲရှိဖို့ လိုပါတယ်
နှစ်တနှစ်လည်း ကုန်သွားပြီ ဖြစ်လို့ ၂၀၁၈ မှာ သင်ဘယ်လိုနေခဲ့တယ်ဆိုတာ သင့်ကိုသင်အသိဆုံးပဲ ဖြစ်မှာပါ။ နောက်ထပ် အရေးကြီးတာကတော့ ဇွဲရှိဖို့ပါပဲ။ အမြဲတမ်းနီးပါး ချိုးဖောက်လာတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ ဆိုတာ အချိန်လိုပါတယ်။ ရက်သတ္တပတ် တခု၊နှစ်ခုလောက်နဲ့တော့ ချက်ချင်းအောင်မြင်လာမှာ မဟုတ်ပါဘူး။
သင်ဖြစ်စေချင်တဲ့ စိတ်ကူးတကယ်ဖြစ်လာစေချင်တဲ့ နေ့ကို ပြက္ခဒိန်မှာ မှတ်ထားပါ။ ပြီးရင် တကယ်ဖြစ်အောင် လုပ်ပါ။ ဇွဲကို ဘယ်တော့မှ မလျော့လိုက်ပါနဲ့။
(၄) အောင်မြင်မှုရတဲ့ အထိ ပြုလုပ်ကြည့်ပါ
အမှန်တကယ် ဇွဲရှိရှိနဲ့ ကြိုးစားပြီး အောင်မြင်မှုရလာတဲ့ ခံစားချက်ဟာ ဘယ်အရာနဲ့မှာ မတူပါဘူး။ ကိုယ်တိုင်အောင်မြင်အောင် အရင်လုပ်ကြည့်ပါ။ ပတ်ဝန်းကျင်နဲ့ အခြားလူတွေကို အပြစ်တင်နေတာတွေကိုရပ်ပြီး သင့်ရဲ့ အကျင့်ဆိုးသေးသေးလေးတွေကို စပြီး ပြုပြင်သွားဖို့ တိုက်တွန်းချင်ပါတယ်။
ဇွဲရှိရှိနဲ့ သင်ဖြစ်စေချင်တာကို ဖြစ်အောင်လုပ်ပြီး ၂၀၁၉ ခုနှစ်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Ref;psycentral.com