လမ်းမှာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ အာလာပသလာပ စကားတွေ ပြောလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတယောက်က အခြားတယောက်ကို တွေ့ရင် “နေကောင်းလား” ဆိုတာထက် “ဝလာတယ်။ ပိန်သွားတယ်” စတဲ့ စကားတွေနဲ့သာ နှုတ်ဆက်လေ့ရှိတာကို တွေ့ရပါတယ်။
စကားပြောဆိုတဲ့အခါ တဖက်လူရဲ့ အားနည်းချက်တွေကို မမေးမိ၊ မပြောမိဖို့ဆိုတာ လူတိုင်းလိုက်နာရမယ့် အခြေခံလူ့ကျင့်ဝတ် တခုပါ။ ဒီကျင့်ဝတ်တွေကို သေချာသိနေဖို့ အတွက် ယဉ်ကျေးတဲ့သူတွေ မေးလေ့ မရှိတဲ့ စကားများ ဖော်ပြ လိုက်ပါတယ်။
(၁) ကလေး မယူသေးဘူးလား
အိမ်ထောင်ကျပြီးခါစ အတွဲတွေကို တွေ့တဲ့အခါ လူတော်တော်များများဟာ ကလေးမယူသေးဘူးလားလို့ မေးတတ်ကြပါတယ်။ သူတပါးရဲ့ အိမ်ထောင်ရေးအကြောင်းကို ကိုယ်က ဘာမှ မသိနိုင်ပါဘူး။ ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာနဲ့ အိမ်တွင်းရေး အခြားကိစ္စတွေကြောင့် ကလေးမယူသေးတာ ဖြစ်နိုင်ပါတယ်။ သူများ ကလေးယူတာ မယူတာက သင်နဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်လို့ မမေးတာ အကောင်းဆုံးပါပဲ။
(၂) ဒါက တသက်လုံးရှိနေမှာနော်
တက်တူးထိုးထားတဲ့သူ၊ မျက်နှာ စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အပေါက်ဖောက်ထားသူတွေကို တွေ့ရင် ပြောတတ်ကြတဲ့ စကားပါ။ “ဒီတက်တူးက အစစ်လား”။ “တက်တူးထိုးတာ နာလား” စတဲ့ မေးခွန်းတွေဟာ တက်တူးရှိတဲ့ သူတွေ အမြဲ မေးခံနေကျစကားတွေပါပဲ။ ဆံပင်အရောင်ဆိုးထားတဲ့ သူတွေကိုလည်း “ ဆံပင်အရောင်က အစစ်လား ” ဆိုပြီး မေးတတ်ကြပါသေးတယ်။ ဒီလို မေးခွန်းတွေဟာ တဖက်သားရဲ့ ပုဂ္ဂိုလ်ရေးတွေ ပါနေတာကြောင့် မမေးတာက ပိုကောင်းပါလိမ့်မယ်။
(၃) ဘယ်လောက်ပေးရလဲ
မိတ်ဆွေတွေနဲ့ တွေ့ရင် လစာ မေးတာက ရိုင်းပါတယ်။ ဒီလိုပါပဲ သူများ ဝယ်လာတဲ့ အဝတ်အသစ်၊ ဖိနပ်အသစ်စတာတွေကို ဘယ်လောက်ပေးရလဲလို့ မေးတာက တဖက်သားကို အကျပ်ရိုက်စေပါတယ်။ သူရတဲ့ လစာက မကောင်းလို့ ဈေးသက်သာတဲ့ နေရာမှာ ဝယ်လာမိတဲ့ ပစ္စည်း ဖြစ်နေရင် အဖြေ ဖြေရတာ သူ့အတွက် အခက်အခဲ ဖြစ်နေနိုင်လို့ လစာ၊ အသုံးစရိတ် စတာတွေကို မမေးပါနဲ့။
(၄) တကယ် လိုအပ်လို့လား
ဝါသနာအကြောင်းတွေကို ပြောတာဟာ မိတ်ဆွေဖွဲ့လို့ အကောင်းဆုံးနည်းလမ်း တခုပါပဲ။ ဒါပေမဲ့ ဒီလို ဝါသနာတွေ အကြောင်း စကားစမြည်ပြောတဲ့အခါ ရှောင်ကြဉ်ရမှာတွေ ရှိပါတယ်။ ဥပမာ သင့်မိတ်ဆွေ တယောက်က ခွေး ၅ ကောင် မွေးထားတယ် ဆိုပါစို့။ သင့်အမြင်မှာ ခွေး ၅ ကောင်မွေးထားတဲ့ ကိစ္စဟာ ပိုက်ဆံ ဖြုန်းခြင်းသက်သက် ဖြစ်နေနိုင်ပေမယ့် သူ့အတွက်တော့ ဝါသနာအရ မွေးထားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတပါးရဲ့ ဝါသနာအရ ပြုလုပ်ထားတဲ့ ကိစ္စတွေကို “တကယ်လိုအပ်လို့ လုပ်နေတာလား” ဆိုပြီး မမေးလိုက်ပါနဲ့။
မှတ်ချက်။ ။ ဒီလို မေးခွန်းတွေ သင့်ကို မေးလာခဲ့ရင် အကြပ်ရိုက်ပြီး မဖြေတတ်တာမျိုးမရှိပါစေနဲ့။ စကားလွှဲတာ၊ လုံးဝ မဖြေတာနဲ့ ဒဲ့ပြောလိုက်တာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။ မေးခွန်းတခုကို သင်မဖြေပဲ နေရင် သင့်ကို မေးတဲ့ သူက သင်မဖြေချင်ဘူးဆိုတာ နားလည်သွားပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း “ဒီကိစ္စကို မပြောချင်ဘူး။ တခြားအကြောင်း ပြောကြရအောင်” ဆိုပြီး ငြင်းလိုက်ရင်လည်း အဆင်ပြေပါတယ်။
Ref;brightside