နိုင်ငံတကာ စစ်တမ်းလေ့လာ ကောက်ယူမှုတွေအရ ဇန်နဝါရီလရဲ့ ပထမပတ်ဟာ ချစ်သူရည်းစားတွေနဲ့ အိမ်ထောင်ရှင်တွေ အများဆုံး လမ်းခွဲလေ့ရှိကြတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့ကိုတော့ အနောက်နိုင်ငံတွေမှာ “Divorce Day”လို့တောင် နာမည်တပ်ခေါ်ဝေါ်ကြပြီး ဒီ ၃ ရက်နေ့ဟာဆိုရင်တော့ အနောက်နိုင်ငံတွေမှာ ကွာရှင်းပြတ်ဆဲမှုတွေ အများဆုံးပြုလုပ်ကြတဲ့ ရက်တရက် ဖြစ်တာကြောင့်ပါ။
နှစ်တနှစ်ရဲ့အစဖြစ်တဲ့ ဇန်နဝါရီလဟာ တရားရုံးတွေမှာ ကွာရှင်းပြတ်စဲမှုအများဆုံး ပြုလုပ်ကြတဲ့လဖြစ်တာကြောင့် အလုပ်အရှုပ်ဆုံး ကာလဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ကွာရှင်းပြတ်စဲခြင်းနဲ့ မိသားစုရေးရာ ဥပဒေအကြံပေးတဦးဖြစ်သူ Marilyn Stowe က “ကွာရှင်းပြတ်စဲမှုပြုလုပ်ကြတဲ့ စုံတွဲအများစုဟာ ခရစ်စမတ်နဲ့ New Year အပြီးမှာ အများဆုံးပြုလုပ်လေ့ ရှိကြပြီး တနှစ်ထက် တနှစ်ပိုပိုများလာပါတယ်။ ကျန်ခဲ့တဲ့ ၂ နှစ်လောက်ကနေစပြီး ဒီအရေအတွက်ဟာ သတိထားမိလောက်အောင်ကိုပဲ အလျင်အမြန် မြင့်တက်လာနေပါတယ်” လို့ ဆိုပါတယ်။
ဇန်နဝါရီလမှာချစ်သူရည်းစား၊ အိမ်ထောင်ရှင်တွေ ဘာကြောင့် အများဆုံး လမ်းခွဲလေ့ရှိကြလဲဆိုတာကိုတော့ Marilyn က“နှစ်တနှစ်ရဲ့အစဖြစ်တာနဲ့အညီ တချို့သောသူတွေကတော့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ဖြတ်သန်းချင်ကြတာကြောင့် အဆင်မပြေတဲ့ relationship တခုကို ဇန်နဝါရီလမှာတင်ပဲ အဆုံးသတ်လိုက်ကြတာပါပဲ။ ဒါ့အပြင် ခရစ်စမတ်လို ပိတ်ရက်မျိုးတွေမှာ သေချာခေါင်းအေးအေး စဉ်းစားပြီးမှ ကွာရှင်းပြတ်စဲမှုကို ဇန်နဝါရီလမှာပြုလုပ်တဲ့ အိမ်ထောင်သည်တွေကလည်း အများအပြားပဲ” လို့ ဆိုပါတယ်။
ချစ်ခရီးလမ်းတခုကို နားလည်မှုရှိရှိနဲ့ တည်ထောင်ကြတယ်ဆိုတဲ့ ကိစ္စဟာ အပြောလွယ်သလောက် အလုပ်ကတော့ ခက်လှပါတယ်။ ဒါကြောင့်မို့လို့လည်း အိမ်ထောင်သည်တွေနဲ့ ချစ်သူရည်းစား အများစုဟာ အဆင်မပြေတဲ့ Relationship တခုကို နောက်နှစ်တွေအထိ ဆက်လက်ဖြေရှင်းဖို့ ဆန္ဒမရှိတော့တာကြောင့် နှစ်တနှစ်ရဲ့အစဖြစ်တဲ့ ဇန်နဝါရီလမှာ အများဆုံးကွာရှင်းပြတ်စဲကြတာ ဖြစ်ပါတယ်။
အိမ်ထောင်သည်တွေမှာဆိုရင်တော့ ပိုင်ဆိုင်မှု ခွဲဝေခြင်းနဲ့ ငွေကြေး အရှုပ်အရှင်းတွေကို နှစ်စမှာတင်ပဲ စာရင်းရှင်းသလို ပြုလုပ်လိုက်နိုင်တာကြောင့်လည်း ဇန်နဝါရီလမှာ လမ်းခွဲပြတ်စဲမှုတွေ အများဆုံးပြုလုပ်လေ့ ရှိကြပါတယ်။
Ref : www.telegraph.co.uk