၂၀၁၈ ကုန်လို့ ၂၀၁၉ ထဲကို ရောက်ရှိလာပါပြီ။ ပြောင်းလဲလာတဲ့ သက္ကရာဇ်နဲ့အတူ သင့်ရဲ့ ဟောင်းနွမ်းနေတဲ့ ဖက်ရှင်ကို ထားခဲ့ဖို့ လိုပါပြီ။ တနှစ်ထက် တနှစ် အသက်ကြီးလာမှာ ဖြစ်လို့ သင် အသက် ၁၈ နှစ်လောက်က ဝတ်နေကျဖက်ရှင်က သင်နဲ့ ဘယ်လိုမှ မလိုက်ဖက်နိုင်ပါဘူး။
တကယ်လို့ သင်ဟာ မိခင်တယောက်ဖြစ်လာပြီဆိုရင် ဒါမှမဟုတ် လုပ်ငန်းခွင်ထဲကို ဝင်နေသူဆိုရင်တော့ လူငယ်ဆန်တဲ့ ဖက်ရှင်ကို အမြဲဝတ်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့် အများအမြင်မှာ သင့်ကို စမတ်ကျနေစေမယ့် ဝတ်စားဆင်ယင်ပုံ ဖက်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) တီရှပ် ရိုးရိုး
အမဲရောင်၊ အဖြူရောင်၊ ခဲရောင်နဲ့ ပန်းရောင်ဖျော့ဖျော့တွေကို ရွေးပြီး ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝတ်တဲ့အခါမှာလည်း အင်္ကျီမှာ စတစ်ကာ အရုပ်အကြီးတွေ မပါအောင်နဲ့ ရှုပ်ရှုပ်ယှက်ယှက် စာတန်းတွေကို ရှောင်ဖို့ လိုအပ်ပါတယ်။ လည်ပင်းပေါက် ကျဉ်းတဲ့ တီရှပ်တွေကို ပြောင်းလဲပြီး ဝတ်ဆင်ကြည့်ပါ။ ရင်ဘတ် ဟိုက်လွန်းတဲ့ အင်္ကျီတွေကို ဝတ်တာဟာ လူစိတ်ဝင်စားခံရအောင် တမင်လုပ်နေတာနဲ့ တူပါတယ်။ ရိုးရိုး တီရှပ်ကို ဂျင်းဘောင်းဘီ ဒါမှမဟုတ် စကပ်လေးတွေနဲ့ စမ်းဝတ်ကြည့်ပါ။
(၂) ခပ်ပွပွ အနွေးထည်
ရန်ကုန်မှာ နေတဲ့သူတွေ အတွက်တော့ သိပ်အဆင်မပြေပါဘူး။ ရာသီဥတုအေးတဲ့ နေရာမှာ နေတဲ့သူတွေ အနေနဲ့ ခပ်ပွပွ ဆွယ်တာတွေကို ဝတ်တာကလည်း လှပတဲ့ ဖက်ရှင်တခု ဖြစ်ပါတယ်။ ခပ်ပွပွဆွယ်တာကို ဝတ်မယ်ဆိုရင်တော့ အမဲရောင်ကို ရွေးချယ်ပါ။ အမဲရောင်ဟာ ဝတ်ထားတဲ့သူကို ခန့်ညားစေပါတယ်။ ပိုက်ဆံအိတ် ခပ်ကြီးကြီးနဲ့ အမဲရောင် ဆွယ်တာပွပွဟာ အရမ်းလိုက်ဖက်တဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။
(၃) ဂျင်းဘောင်းဘီ
ဂျင်ဘောင်းဘီတွေ အများကြီးရှိစရာ မလိုပါဘူး။ ခပ်ကောင်းကောင်း ဂျင်းတထထည်ကို ဝတ်ရင်တောင်မှ ပွဲတိုးပါတယ်။ ဂျင်းဘောင်းဘီတွေဟာ အရောင်လွှင့်လည်း လွှင့်တဲ့ အလျှောက် လှတာမလို့ ဘယ်သွားသွား အဆင်ပြေပါတယ်။ ဂျင်းဘောင်းဘီဟာ ဘယ်လို ခန္ဓာကိုယ်ရှိတဲ့ သူနဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်တာကြောင့် ဝတ်ကြည့်စေချင်ပါတယ်။ ခြေသလုံးလှတဲ့ သူတွေကတော့ ခြေသလုံး အသားကပ်ဖြစ်တဲ့ ဂျင်းဘောင်းဘီကို ဝတ်သင့်ပါတယ်။ ဝတဲ့ မိန်းကလေးတွေအတွက်လည်း ဂျင်းက အလှကို တိုးစေတာ သေချာပါတယ်။
(၄) Underwear
Underwear (အတွင်းခံ) ကလည်း တကယ်တော့ တော်တော် အရေးကြီးပါတယ်။ အမျိုးသမီးတော်တော်များများဟာ အတွင်းခံတွေကို သိပ်ပြီး ဂရုမစိုက်ဘဲ ဝတ်တတ်ကြပါတယ်။ သင်ဝတ်ထားတဲ့ အတွင်းခံ အရာကြီးက ထဘီ၊စကပ် စတာတွေမှာ လာပြီး ပေါ်နေတဲ့ အခါမှာ လူတွေက သင့်ကို အထင်သေးကြပါလိမ့်မယ်။ အထင်သေးတာက ကိစ္စမရှိဘူးဆိုပြီး စောဒကတက်ချင်လည်း တက်ပါ။ သင်ကိုယ်တိုင် တခြားမိန်းကလေးတယောက်ရဲ့ အတွင်းခံအရာပေါ်နေရင် ဘယ်လို ခံစားရလဲ ပြန်ပြီး တွေးကြည့်ပါ။
(၅) ဒေါက်ဖိနပ်
ဒေါက်ဖိနပ်ကို မိန်းကလေးတိုင်းနီးပါးက စီးရမှာ ကြောက်ကြပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။ ခြေသလုံးအလှကို ပိုမိုပေါ်လွင်အောင်နဲ့ တင်ပါးအလှကို ပေါ်လွင်အောင် ဒေါက်ဖိနပ်ကို စီးမယ်ဆိုရင်တော့ အရည်အသွေးပြည့်မှီတဲ့ ဖိနပ်ကို ရှာပြီး ဝယ်ယူသင့်ပါတယ်။ ဒေါက်ဖိနပ်ဟာ ဂျင်းဘောင်းဘီ၊ညနေခင်းဝတ်စုံ စတဲ့ အဝတ်အားလုံးနီးပါးနဲ့ လိုက်ဖက်တာကြောင့် တသက်မှာ တခါလောက်တော့ စမ်းပြီး ဝတ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
Ref ; brightside