အသက်အရွယ်ကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့်ပဲဖြစ်စေ မျက်နှာအသားအရေပေါ်နဲ့ မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေဟာ အနည်းနဲ့အများဆိုသလို ဖြစ်ပေါ်တတ်ကြပါတယ်။
ဒီလိုအရေးအကြောင်း ပြဿနာအတွက်တော့ အုန်းဆီဟာ အထိရောက်ဆုံးနဲ့အကောင်းမွန်ဆုံးသဘာဝပစ္စည်းတမျိုးဖြစ်ပြီး အုန်းဆီဟာ ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်ဖို့နဲ့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ Collagen ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် အုန်းဆီကို အသုံးပြုပြီး အရေးအကြောင်းတွေကို ဖယ်ရှားသက်သာစေနိုင်မယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အုန်းဆီနဲ့ပျားရည်
အုန်းဆီ လက်ဖက်ရည်ဇွန်းတဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တဝက်ခန့်ကို ရောစပ်ကာ အရေးအကြောင်းတွေရှိတဲ့ မျက်နှာအသားအရေ တဝိုက်ကို လိမ်းကျံ နှိပ်နယ်ပေးပြီး ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ antioxidant ဟာ အသားအရေကို ပြန်လည်တင်းရင်းစေတာကြောင့် ဒီနည်းလမ်းအတိုင်း တပတ်မှာ တကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
(၂) အုန်းဆီနဲ့ ဗီတာမင်အီး
ဗီတာမင်အီးဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ချောမွေ့နူးညံ့စေတာကြောင့် အုန်းဆီနဲ့ဗီတာမင်အီး capsule တလုံးတို့ကို ရောစပ်ကာ မျက်နှာအသားအရေပေါ်မှာ လိမ်းကျံပေးပြီး နာရီဝက်လောက်ကြာရင် ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းကိုတော့ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ ထပ်မံမဖြစ်ပေါ်လာအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) အုန်းဆီ
မျက်နှာကို သေချာစွာ သန့်ရှင်းဆေးကြောထားပြီး အုန်းဆီစစ်စစ် အနည်းငယ်ကို မျက်နှာနဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေပေါ်မှာ လိမ်းကျံပေးပြီး အသာအယာ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာပဲဖြစ်ပြီး အုန်းဆီကို မျက်နှာပေါ်မှာ ညလုံးပေါက်ထားအိပ်ပေးရမှာ ဖြစ်ပါတယ်။
မျက်နှာပေါ်က အရေးအကြောင်းတွေဟာ ချက်ချင်းဆိုသလို ပျောက်ကင်းသွားနိုင်တာမျိုး မဟုတ်တာကြောင့် အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Ref : www.stylecraze.com