ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၊ အောက်တိုဘာလက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF – International Monetary Fund ) က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေရဲ့စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းဟာ တဦးချင်းဝင်ငွေရရှိမှုပေါ် အခြေခံပြီး ထုတ်ပြန် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့်နိုင်ငံတွေကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) Yemen
Yemen နိုင်ငံဟာ အာရေဗျကျွန်းဆွယ်မှာ အဆင်းရဲဆုံးနိုင်ငံပါ။ အသက် ၁၈ နှစ် နဲ့ ၂၄ ကြား လူငယ်တဝက်လောက်က အလုပ်အကိုင် အခွင့်အလမ်း မရကြပါဘူး။ ရေနံချမ်းသာတဲ့နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတွေက သိသိသာသာကိုပဲ လျော့ကျခဲ့ရပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်လည်း နိုင်ငံအာဏာပိုင်တွေက နိုင်ငံခြားသားခရီး သည်တွေကို လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ Yemen နိုင်ငံဟာ ရေနံအပြင် ငါး ၊ စကျင်ကျောက် ၊ ကျောက်မီးသွေး ၊ ရွှေ ၊ နီကယ် ၊ ခဲ နဲ့ ကြေးနီအစရှိတာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံပါ။
နိုင်ငံရဲ့ပေါကြွယ်ဝတဲ့ တွင်းထွက်ပစ္စည်းတွေကြောင့် နိုင်ငံသားတွေဟာ ကြွယ်ဝ ချမ်းသာသင့်ပေမယ့် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။
(၂) The Gambia
Gambia နိုင်ငံဟာ အာဖရိကရဲ့ နိုင်ငံငယ်လေးတနိုင်ငံဖြစ်ပေမယ့် လူဦးရေ ၁ ဒဿမ ၈သန်း ရှိပြီး နိုင်ငံဧရိယာ ကတော့ ၁၀၆၈၉ စတုရန်းကီလိုမီတာ ရှိပါတယ်။ Gambia နိုင်ငံရဲ့ အဓိကစီးပွား ရေးလုပ်ငန်းတွေကတော့ စိုက်ပျိုးရေး ၊ ခရီးသွားလာရေးနဲ့ တံငါလုပ်ငန်းပါ။ Gambia နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
(၃) Sierra Leone
Sierra Leone နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိန်ထုတ်လုပ်မှုလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ ၁၉၉၁ – ၂၀၀၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ လူအများအပြား သေဆုံးခဲ့ ရပါတယ်။ ဒီစစ်ပွဲရဲ့ရလာဒ်ကတော့ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းထဲ ရောက်သွားရတာပါ။
နိုင်ငံသား ၅၀၀၀၀၀ လောက်ကလည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ Guinea နဲ့ Liberia ကို ပြောင်းရွှေ့ သွားခဲ့ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၆၆ရာခိုင်နှုန်းကလည်း စာမတတ်သူ တွေ ဖြစ်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ညံ့ဖျင်းပါတယ်။ Sierra Leone နိုင်ငံဟာ မွေးကင်းစကလေးသေဆုံးမှုများပြားပြီး ကမ္ဘာပေါ်မှာ သက်တမ်း အတိုဆုံးနိုင်ငံတွေထဲ ပါဝင်ပါတယ်။
(၄) Mozambique
၂၀၁၈ ခုနှစ်အတွက် နောက်ထပ် အဆင်းရဲဆုံးနိုင်ငံကတော့ Mozambique နိုင်ငံပါ။ ၁၆ နှစ် ကြာဖြစ်ပွားခဲ့ရတဲ့ပြည်တွင်းစစ်က နိုင်ငံစီးပွားရေးအားလုံးနီးပါးကို ဖျက်ဆီးလိုက်ပါတယ်။ Mozambique နိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမယ့် နိုင်ငံကိုချမ်းသားအောင်လုပ်မပေး နိုင်တဲ့အပြင် ပြည်ပအထောက်အပံ့ကို အလွန်အမင်း မှီခိုနေရပါတယ်။
Mozambique နိုင်ငံဟာ အာဖရိကမှာ ကျောက်မီးသွေးနဲ့ သဘာဝတွင်းထွက်ပစ္စည်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါပဲ။ Mozambique နိုင်ငံကထွက်တဲ့ လျှပ်စစ်ကိုသာ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံတွင်းမှာသာမက တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံကိုပါ ပေးနိုင်တဲ့ အနေအထားပါ။
နိုင်ငံလူဦးရေရဲ့ ၂၈ ဒဿမ ၈ လောက်ဟာ မြို့ ပြတွေမှာနေထိုင်ကြပြီး လူဦးရေ တဝက်လောက်ကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အငတ်ဘေး ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်လက်မဲ့ပြဿနာတွေကြောင့် ရာဇဝတ်မှု မြင့်တက်နေတဲ့ နိုင်ငံတနိုင်ငံပါပဲ။
(၅) Democratic Republic of Congo
Congo နိုင်ငံဟာ လူဦးရေ သန်းပေါင်း ၇၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေရဲ့ စာရင်းမှာ ပါဝင်ပါတယ်။ ရေအရင်းအမြစ်၊ သစ်တောနဲ့ သားငါးပေါကြွယ်ဝပေမယ့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ပါဝင်နေပါသေးတယ်။
ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ စီးပွားရေးနဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့်ပါ။ ဆက်လက် ဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့်လည်း လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီးနေရဆဲပါ။ Congo နိုင်ငံရဲ့ ပျှမ်းမျှလူ့သက်တမ်းကတော့ ၄၈ နှစ်ဖြစ်ပါတယ်။ လူပေါင်းများစွာဟာ ရောဂါဖြစ်ပွားနေပြီး ဆေးဝါးလည်း မလုံလောက်နိုင်ပါ။
လူအများစုက ငတ်မွတ်နေကြပြီး မြို့သားတဝက်နီးပါးကတော့ တနေ့မှတကြိမ်သာ စားသောက်ကြရပါတယ်။ ဒါကြောင့်လည်း လူသားစားတဲ့အလေ့အထက Congo နိုင်ငံမှာ ကျယ်ပြန့် လာနေပါတယ်။
Ref : legit.ng