သာယာတဲ့ စင်ကာပူနိုင်ငံရဲ့ မနက်ခင်းတွေမှာ ကောင်းကင်ပြာပြာဟာ လူတွေကို ဖမ်းစားထားပြီး ရာသီဥတုကလည်း နွေးနွေးထွေးထွေးပါပဲ။ ဒီလိုမနက်ခင်းတွေမှာတော့ လူတွေဟာ သီချင်းဆိုတဲ့ငှက်တွေစုဝေးထားရာ “Bird Singing Club” ကို လာလေ့ ရှိတတ်ပါတယ်။ အဲဒီနေရာကတော့ Kebun Baru Bird Singing Club ဆိုတဲ့ နေရာပါ။
ဒီနေရာဟာ တောင်ခြေ တနေရာမှာ တည်ရှိပြီး Ang Mo Kio ပန်းခြံ အနောက်ဘက်မှာ ရှိပါတယ်။ အဲဒီနေရာမှာဆိုရင် လှောင်အိမ်ပေါင်း တထောင်ကျော်ကတည်းက သီချင်းဆိုတဲ့ ငှက်ငယ်တွေကို မွေးမြူထားရှိပါတယ်။ ဒီငှက်တွေ သီချင်းဆိုတတ်လာဖို့ လူကြီးတွေက လေ့ကျင့်ပေးနေပေမယ့် လူငယ်တွေကတာ့ သိပ်သဘောမကျကြဘူးလို့ William Chua က ပြောပါတယ်။
သူဟာ ၁၉၉၅ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး ဒီအလုပ်ကို စတင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ သူဟာ ရက်ပေါင်း ၃၆၅ ရက်မှာ ၃၆၃ ရက် မနက်ခင်းတိုင်း ဒီအလုပ်တခုထဲလုပ်ရင်း ကုန်ဆုံးခဲ့သူတယောက်လည်းဖြစ်ပါတယ်။ အဲဒီပန်းခြံထဲမှာဆိုရင်တော့ William ရဲ့ ငှက်ပေါင်းများမွေးမြူထားပါတယ်။
ငှက်ချစ်သူတွေ အတွက်ကတော့ ဒါဟာ ရိုးရာလူမှုရေး အလုပ်တခုလိုပါပဲ။ ဒီလောက် ငှက်တွေ အများကြီးကို စောင့်ရှောက်ဖို့ဆို လူတဦးထက်ပိုတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးလည်း လိုအပ်တယ်လို့ William က ပြောပါတယ်။
“ငှက်တကောင်းချင်းစီကလည်း လူတွေပါပဲ။ သူ့ တသီးပုဂ္ဂလပုံစံနဲ့ သူတို့ပါပဲ။ သူတို့ရဲ့ အသံကို နားထောင်နိုင်ဖို့ဆိုရင်တော့ သူတို့နဲ့ တသားတည်းဖြစ်ဖို့ လိုအပ်ပါတယ်။ သူတို့ကို နားလည်ဖို့ လိုအပ်ပါတယ်”လို့ William က ဆက်ပြောပါတယ်။
တကယ်တော့ ဒီနေရာဟာ အရှေ့တောင်အာရှရဲ့ ထူးထူးခြားခြားနေရာ တခုပါ။ ဘယ်လို ငှက်အမျိုးအစားက သီချင်းဆိုတာ အကောင်းဆုံးလဲဆိုတော့ William က “Zebra Dove” လို့ ပြောပါတယ်။ဒေသအခေါ်ကတော့ “Merbok” လို့ ခေါ်ပါတယ်။
ဒီနေရာမှာ ကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ လေ့ကျင့်သား ဝနေပြီဖြစ်တဲ့ ငှက်တွေကို ဝယ်ယူရရှိနိုင်ပါသေးတယ်။ သီချင်းဆိုတဲ့ အရည်အချင်းပေါ် မူတည်ပြီး ငှက်တကောင်ရဲ့တန်ဖိုးက စင်ကာပူဒေါ်လာ ၁၅၀၀ လောက် ရှိပါတယ်။ စံချိန်တင် မှတ်တမ်းဝင်ခဲ့တဲ့ ငှက်တကောင်ကိုတော့ စင်ကာပူဒေါ်လာ ၉၆၀၀၀ နဲ့ ရောင်းခဲ့ရဖူးပါတယ်။
Ref : theculturetrip