ကျောင်းတွေရဲ့ အဓိက ရည်ရွယ်ချက်က အသက်မွေးပညာကို တတ်မြောက်ဖို့ ဖြစ်ပါတယ်။ ဒါမေး၊ ဒါဖြေ စနစ်နဲ့ အတန်းပညာ ပြီးဆုံးလာတဲ့သူတွေရဲ့ နောက်ဆက်တွဲဟာ ကိုယ်တတ်မြောက်ထားတဲ့ ပညာရပ်နဲ့ မကိုက်ညီတဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးရတာပဲ ဖြစ်ပါတယ်။
ဒါတွေကို ဆန့်ကျင်တာမျိုး မဟုတ်ပေမယ့် အမှန်တကယ် သင်ယူချင်သူတွေအတွက် ထူးဆန်းတဲ့ သက်မွေးပညာရပ်တွေကို သင်ကြားပေးနေတဲ့ ကျောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေသူမဖြစ် သင်တန်းကျောင်း
ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ ရေသူမဖြစ် သင်တန်းကျောင်းကတော့ သင့်ရဲ့ ငယ်ဘဝ စိတ်ကူးကို အမှန်တကယ် ဖြစ်အောင်လုပ်ပေးမယ့် ကျောင်းလို့ ဆိုနိုင်ပါတယ်။ ဒီကျောင်းကို အသက်အရွယ်မရွေ းတက်နိုင်ပြီး ရေသူမတယောက်လို ရေကူးနိုင်ဖို့နဲ့ ရေကြာကြာငုပ်နိုင်ဖို့ သင်ပေးတဲ့ ကျောင်းဖြစ်ပါတယ်။
ဒီအလုပ်ကတော့ ရေသူမအဖြစ် မော်ဒယ်ဓာတ်ပုံ အရိုက်ခံရင်ပဲဖြစ်ဖြစ်၊ အချိန်ပိုင်း ရေသူမအဖြစ် ရေကန်ထဲမှာ အလှပြဖို့ပဲဖြစ်ဖြစ် သက်မွေးဝမ်းကြောင်း ပြုလုပ်လို့ရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
(၂) တိရစ္ဆာန်ဥယျာဉ်ကျောင်း
Texas တောင်ပိုင်းမှာ ရှိတဲ့ San Antonio ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ်ဟာ ကလေးတွေအတွက် လေ့လာရေးကျောင်းပုံစံမျိုး ပြုလုပ်ထားပေးတဲ့ ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းကို လာရောက်လည်ပတ်ဖို့အတွက် Package တွေပြုလုပ်ပေးထားပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောတွင်းတိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ပညာရပ်တွေကို သင်ကြားပေးတယ်လို့ သိရပါတယ်။
(၃) တောတွင်း မူကြို
မူလတန်းအကြိုအတွက် ကျောင်းခန်းတွေထဲမှာ ကလေးတွေကို ထိုင်ခိုင်းပြီး စာသင်ရင် ပျင်းဖို့ ကောင်းတာကြောင့် ဖွင့်ခဲ့တဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ကလေးတွေကို တောအုပ်တွေထဲ ခေါ်ဆောင်သွားပြီး အပင်နဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို သင်ကြားပေးရင် ပေါင်းသင်း ဆက်ဆံခြင်း၊ သချာၤနဲ့ အနုပညာအကြောင်းတွေကို ရောစပ်သင်ကြားပေးတာဖြစ်ပါတယ်။
(၄) သုဘရာဇာ ကျောင်း
Gupton-Jones College မှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ အသုဘ တခုဖြစ်တဲ့ အချိန်မှာ ဝန်ဆောင်မှုပေးရမယ့် နည်းလမ်းတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။ အသုဘဝန်ဆောင်မှု ပြုလုပ်ချိန်မှာ လူကျင့်ဝတ်နဲ့ ကိုက်ညီအောင် ပြုလုပ်ရမယ့် နည်းလမ်းနဲ့ ချစ်ရတဲ့သူတွေ သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေတဲ့ မိသားစုတွေ စိတ်သက်သက်သာသာ အသုဘချနိုင်အောင် ပြုလုပ်ပေးတဲ့ ပညာတွေကို သင်ကြားရတာဖြစ်ပါတယ်။
(၅) အိမ်ထောင်ဖက် ရှာဖွေနည်း သင်တန်းကျောင်း
ဒီကျောင်းကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာ အသက် ၃၀ ကျော်ပြီးတဲ့ အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေကို ခင်ပွန်းရှာတတ်ဖို့နဲ့ အိမ်ထောင်တခု ထူထောင်တတ်အောင် သင်ကြားပေးတယ်လို့ သိရပါတယ်။
Ref ; lifehack