ဒီအကြောင်းအရာကတော့ အီတလီနိုင်ငံ၊ စစ္စလီကျွန်းပေါ်က နေအိမ်တချို့ကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာတည်းနဲ့ ရောင်းချချင်တယ်ဆိုတဲ့ အကြောင်းပါ။ ဒီဈေးနှုန်းကတော့ Espresso ကော်ဖီ တခွက်ဖိုးတောင် မရှိတဲ့ ဈေးနှုန်းပါ။ အဲဒီလို ၁ ဒေါ်လာတည်းနဲ့ ရောင်းချမယ်ဆိုတဲ့ အိမ်တွေကတော့ အီတလီ တောင် ပိုင်းက လှပတဲ့ ကမ်းခြေတခုဖြစ်တဲ့ စစ္စလီကျွန်းပေါ်မှာ ရှိပါတယ်။
ရောင်းချမယ်ဆိုတဲ့ နေရာတွေကလည်း တကယ့် နေရာကောင်းတွေပါပဲ။ Sambuca မြို့၊ တောင်ကုန်းတွေပေါ်ကဆိုရင် မြေထဲပင်လယ်နဲ့ ကမ်းခြေတဝိုက် ရှုခင်းတွေကို ကောင်းကောင်းမြင်ရတဲ့ နေရာပါ။ အခုလို ကမ်းလှမ်းမှုတွေ လုပ်လာရတဲ့ အကြောင်းကတော့ လူနေထိုင်မှု မရှိသလောက် ရှားပါးနေတဲ့ အတွက်ကြောင့်ပါတဲ့။
ဒေသခံရုံးတွေကလည်း စိတ်ဝင်စားသူ မည်သူမဆို ၁ ဒေါ်လာလောက်သာ ကုန်ကျမယ့် အိမ်တွေကိုဝယ်သူကြဖို့ နှိုးဆော်ထားပါတယ်။ Sambuca မြို့ကိုတော့ “City of Splendor” လို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီ ပတ်ဝန်းကျင်ကို လှပတဲ့ ကမ်းခြေနဲ့ တောအုပ်တွေက ဝန်းရံထားတဲ့အပြင် အာရပ် ယဉ်ကျေးမှု ပျံ့နှံ့နေတဲ့ နေရာပါ။
အခုဆိုရင်တော့ အဲဒီနေရာမှာ အိမ် ၁၀ လုံး ရောင်းချ ပြီးသွားပါပြီ။ အဲဒီအိမ်တွေကို ဝယ်ယူဖို့ ဆွစ်ဇာလန် ပြင်သစ်နဲ့ စပိန်နိုင်ငံသားတွေက ကမ်းလှမ်းမှုတွေ လုပ်လာကြတယ်လို့ အဲဒီမြို့ရဲ့ လက်ထောက် မြို့တော်ဝန် Mr.Cacioppo က ပြောပါတယ်။
ဝယ်ယူသူ ပိုင်ရှင်အသစ်တွေအနေနဲ့ကတော့ ၃ နှစ်အတွင်း ဝယ်ယူထားတဲ့ အိမ်တွေကို ပြန်လည်ပြုပြင်ပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၅၀၀၀ လောက် ကုန်ကျပါလိမ့်မယ်။ ပြင်ဆင်ပြီးသွားခဲ့ရင်လည်း လုံခြုံရေးစရိတ်အတွက် ဒေါ်လာ ၅၀၀၀ လောက် ပေးရပါမယ်။
“တကယ်တော့ အဲဒီနေရာတွေဟာ မြေသြဇာ အလွန်ကောင်းမွန်တဲ့နေရာဖြစ်ပြီး ကမ္ဘာမြေကြီးအတွက်တော့ သုခဘုံပါပဲ” လို့လည်း Mr.Cacioppo က ဆိုပါတယ်။ Sumbuca မြို့ကိုတော့ ရှေးဟောင်း ဂရိလူမျိုးတွေက တည်ထောင်ခဲ့တာဖြစ်ပြီး စော်ဘွားတယောက်ဖြစ်တဲ့ Al Zabut နောက်ပိုင်းမှာတော့ Sumbuca လို့ နာမည်ပေးခဲ့ပါတယ်။
တကယ်တော့ ဒီနေရာက အရင်တချိန်တုန်းကတော့ အီတလီနိုင်ငံရဲ့ လူကြိုက်များတဲ့နေရာဖြစ်ပြီး ကုန်သွယ်မှု အတွက်လည်း ဗဟိုအချက်အချာကျတဲ့ နေရာတနေရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်ဖီတခွက် တန်ဖိုးတောင် မရှိတဲ့ အိမ်တလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
Ref : timesnownews