အနုပညာရှင်တွေဟာ ခံစားချက်ကို ဦးစားပေးသူတွေ ဖြစ်ပါတယ်။ ခံစားချက်ကို ဦးစားပေးသူတွေဖြစ်တာကြောင့် စိတ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ချို့တဲ့မှုတွေကို အဓိကခံရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အထီးကျန်ခြင်းစတာတွေကို ခံစားရတာများပါတယ်။
၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ သုသေသနအရ အနုပညာသမားလို့ ခံယူထားတဲ့ အကပညာရှင်၊ အဆိုတော်၊ တေးရေးဆရာ၊ ဓာတ်ပုံဆရာနဲ့ စာရေးဆရာပေါင်း ၁ သိန်းကျော်ဟာ စိတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးချို့တဲ့ခဲ့တဲ့ နှောင်းခေတ်အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Ludwig van Beethoven
ကမ္ဘာကျော် တေးရေးဆရာ ဗီသိုဘင်ဟာ စိတ်ဓာတ်ကျခြင်းနဲ့ တက်ကြွခြင်းစတဲ့ ရောဂါကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။ အရက်စွဲတဲ့အတွက်ကြောင့် အဆုတ်ပျက်စီးပြီး သေဆုံးခဲ့ရပါတယ်။ သူ့အကြောင်း ရေးသားထားတဲ့ စာအုပ်တအုပ် “Diagnosing Genius: The Life and Death of Beethoven,” ဆိုတဲ့ စာအုပ်မှာ သူဟာ စိတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ လုပ်ခဲ့တယ်လို့ သိရပါတယ်။
(၂) Edvard Munch
နာမည်ကျော် ပန်းချီကားဖြစ်တဲ့ “The Scream” ပန်းချီကားကို ရေးဆွဲသူ Edvard Munch ဟာလည်း စိတ်ရောဂါကို ခံခဲ့ရသူပဲဖြစ်ပါတယ်။ သူကိုယ်တိုင်က သူဟာ စိတ်ဓာတ်ကျခြင်း၊ လူများတဲ့နေရာ ဒါမှမဟုတ် လူမရှိတဲ့ နေရာမှာ မနေရဲခြင်းနဲ့ စိတ်အာရုံချောက်ချားခြင်း စတာတွေ ခံစားရလို့ အဆိုပါ ပန်းချီကားကို ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ သူနဲ့ သူ့ရဲ့အစ်မဟာ စိတ်ကျဝေဒနာကို နှစ်ယောက်လုံး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
(၃) Vincent van Gogh
ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးဟာလည်း စိတ်ကျန်းမာရေး အလွန်ချို့တဲ့သူ တဦးဖြစ်ပါတယ်။ စိတ်အတက်အကျမြန်ခြင်းနဲ့ ကယောင် ချောက်ချားဖြစ်ခြင်း စတဲ့ ဝေဒနာတွေကို အဓိက ခံစားခဲ့ရသူဖြစ်ပြီး အသက် ၃၇ နှစ်မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ မသေဆုံးခင်အထိ သူ့ရဲ့ ပန်းချီကားတွေဟာ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ မထင်မရှား သေဆုံးခဲ့ရတာဖြစ်လို့ သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး တိကျ သေချာတဲ့ အဖြေကို ဘယ်သူကမှ မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
Ref ; mmn