ထိုင်းနိုင်ငံမှာ ရှိတဲ့ တိရစ္ဆာန်ဆရာဝန်တွေက ကင်ဆာဖြစ်ပွားနေတဲ့ ဆင်မလေးရဲ့ ၅ကီလိုဂရမ် ရှိတဲ့ ကင်ဆာကျိတ်ကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။
ခွဲစိတ်ကုသပြီးနောက် အကြောတွင်း ဆေးထိုးသွင်းခြင်းနဲ့ ဓာတုကုထုံးတွေကို ပြုလုပ်နေပြီး စောင့်ကြည့်ကုသ ပေးနေတယ်လို့ သိရပါတယ်။ တကယ်လို့ ဒီကုသမှု အောင်မြင်ခဲ့တယ်ဆိုရင် ဒါဟာ ဆင်တွေမှာ ဖြစ်ပွားတဲ့ ကင်ဆာကို ကုသအောင်မြင်ခဲ့တဲ့ ကမ္ဘာပထမဆုံး ကိစ္စဖြစ်လာမှာ ဖြစ်ပါတယ်။
Lampang-Krabi ထိုင်းအမျိုးသား ဆင်ထိန်းသိမ်းရေးနဲ့ စောင့်ရှောက်ရေး ဌာနရဲ့ မန်နေဂျာဖြစ်တဲ့ Sarun Chansitthivech ရဲ့ ပြောကြားချက်အရ ခွဲစိတ်ကုသမှုဟာ အောင်မြင်မှုရှိနေပြီး ဓာတုကုထုံးနဲ့ အကြောတွင်း ဆေးထိုးသွင်းခြင်းတွေကို Chulalongkorn တက္ကသိုလ်နဲ့ ပူပေါင်းလုပ်ဆောင်နေပြီး တက္ကသိုလ်က လိုအပ်တဲ့ ခွဲစိတ်ကုသခြင်းဆိုင်ရာ ပစ္စည်း ကိရိယာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ Lampang ဆင်ဆေးရုံကို ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းက စတင် ခေါ်ဆောင်လာတဲ့ အချိန်မှာ တော့ အသက် ၃၀ အရွယ် ဆင်မလေး Thongdee ဟာ အရမ်းကို ပိန်ပြီး အားနည်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တိရစ္ဆာန်ကုသရေး ဗဟိုဌာနက ပေးပို့တဲ့ ကိရိယာတွေကို အသုံးပြုပြီး တိရစ္ဆာန် အထူးကုဆရာဝန်တွေရဲ့ ကြိုးပမ်းမှု တွေကြောင့် နောက်ဆုံးမှာ Thongdee ခံစားနေရတဲ့ ကင်ဆာကျိတ်ကို တွေ့ရှိခဲ့ပါတယ်။ ခွဲစိတ်ကုသမှုအပြီးမှာတော့ သူမရဲ့ ခန္ဓာကိုယ်ထဲက အကျိတ်ဟာ ၅ ကီလိုဂရမ်တောင် ရှိနေတာကို တွေ့ခဲ့ရပါတယ်။
မန်နေဂျာရဲ့ ပြောကြားချက်အရ တိရစ္ဆာန်တွေကို ဓာတုကုသမှုတွေ ပြုလုပ်တဲ့ အခါ သူတို့ဟာ အဲဒီကုသမှုကို ကြောက်ရွံ့နေတတ်ပြီး Thongdee လည်း ဘေးထွက်ဆိုးကျိုးတွေကိုခံရမှာ စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ သူမဟာ သာမန်ခုခံနိုင်စွမ်းတွေ ရှိနေပြီး အစားလည်း ပုံမှန်အတိုင်း စားသောက်နိုင်နေတယ်လို့ ဆိုပါတယ်။
ဒီကုသမှုဖြစ်စဉ်ဟာ တဖြည်းဖြည်း တိုးတက်မှုတွေ ရှိနေပေမယ့် ဆင်မလေးကိုတော့ တိရစ္ဆာန်ဆရာဝန်တွေရဲ့ အနီးကပ် စောင့်ကြည့်မှုတွေ ဆက်လက်ပြုလုပ်နေရဆဲ ဖြစ်ပြီး Lampang ဆင်ဆေးရုံမှာပဲ ဆက်ရှိနေဦးမယ်လို့ အဆိုပါ မန်နေဂျာက ပြောပါတယ်။
ဒါ့အပြင် ဒီကုသမှုအောင်မြင်ခဲ့တယ်ဆိုရင် ဒါဟာ ဒါဟာ ဆင်တွေမှာ ဖြစ်ပွားတဲ့ ကင်ဆာကို ဓာတုကုသနည်းနဲ့ အကြောဆေးသွင်းပြီး ကုသအောင်မြင်ခဲ့တဲ့ ကမ္ဘာပထမဆုံး ကိစ္စဖြစ်လာမှာ ဖြစ်ပါတယ်။
Ref;thaipbs