အသက် ၇၀ အရွယ် အမျိုးသမီးတယောက်ဖြစ်တဲ့ Pat Smith လို့ အမည်ရသူဟာ ၂၀၁၈ တနှစ်လုံး အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ကမ်းခြေတွေကို လှည့်ပတ်ပြီး အမှိုက်ကောက်တဲ့ အစီအစဉ်ကို ပြုလုပ်အောင်မြင်ခဲ့ပါတယ်။
“ကျမရဲ့ ၂၀၁၈ ရည်ရွယ်ချက်ဖြစ်တဲ့ အင်္ဂလန်က ကမ်းခြေတွေကို သန့်ရှင်းရေး လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အမှန်တကယ် ဖြစ်မြောက်ခဲ့ပါတယ်။ ကမ်းခြေပေါင်း ၅၂ ကို လှည့်ပတ်အမှိုက်ကောက်တဲ့ အစီအစဉ်ကို အောင်မြင်နိုင်ခဲ့ပါတယ်” ပြောခဲ့ပါတယ်။
ဒါ့အပြင် “ကျမနိုင်ငံရဲ့ ကမ်းခြေတွေက ကျမကို လိုအပ်နေသေးသရွေ့ ဆက်လက်လုပ်ဆောင်နေမှာပါ” လို့ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
သူမရဲ့ အမှိုက်ကောက် အစီအစဉ်အတွင်းမှာ သူမဟာ ကမ်းခြေတွေကို သွားရောက်ပြီး အမှိုက်ကောက်ခြင်းတွေ ပြုလုပ်ခဲ့ပြီး ကမ်းခြေတွေမှာ ဒီလို အမှိုက်တွေကို မြင်တွေ့ရတာက သူမကို စိတ်ပျက်စေကြောင်းနဲ့ ကမ်းခြေတွေမှာ ရှိတဲ့ ဒေသခံတွေကို အမှိုက်မပစ်ကြဖို့ စတဲ့ နှိုးဆော်စာတွေနဲ့ သတင်းအချက်အလက်တွေကို အင်တာနက်စာမျက်နှာတွေမှာ ရေးသားခဲ့ပါတယ်။
၂၀၁၈ တနှစ်လုံးမှာ ပြုလုပ်ခဲ့တဲ ဒီအမှိုက်ကောက်ခြင်း အစီအစဉ်အတွက် သူမဟာ လူငယ်တွေရဲ့ အကူအညီကို ရရှိဖို့ သူမရဲ့ မြေးတွေဆီက တောင်းခဲ့ပြီး သူမရဲ့ မြေးတွေနဲ့ အတူ လူငယ် Volunteer အယောက် ၂၀ က ကူညီပေးခဲ့ပါတယ်။
အခုအချိန်မှာတော့ ကမ်းခြေတော်တော်များများမှာ အရမ်းသေးတဲ့ အမှိုက်တွေက လွဲလို့ ကျန်တဲ့ အမှိုက်တွေ အားလုံးနီးပါးကုန်အောင် ကောက်နိုင်ခဲ့တယ်လို့ သူမက ဆိုပါတယ်။
အမှိုက်တွေထဲမှာ နေ့စဉ်သုံးပစ္စည်းတွေ အများစု ပါဝင်ပြီး ကမ်းခြေကို လာရောက် လည်ပတ်တဲ့ ခရီးသည်တွေ စွန့်ပစ်ကြပုံပေါ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကမ်းခြေမှာ ရှိတဲ့ ဒေသခံတွေကလည်း ဒါတွေကို ပုံမှန် သန့်ရှင်းရေး လုပ်နေရင် ပိုပြီး ကောင်းမွန်နိုင်ကြောင်း အကြံပေးခဲ့ပါသေးတယ်။
ဒီလို အမှိုက်ကောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာမြေကို သန့်ရှင်းလှပစေချင်တာကြောင့် ဖြစ်ပြီး သူမသေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ သူမရဲ့ သားသမီး မြေးမြစ်တွေကို သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်မှာသာ အသက်ရှင်သန်စေချင်လို့ ဒီအစီအစဉ်ကို စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref;mmn