ဆိုရှယ်မီဒီယာပေါ်မှာ ဘီကနီဝတ်ပြီး တောင်ထိပ်တွေပေါ်မှာ Selfie ပုံတွေရိုက်တင်ရာကနေ နာမည်ရလာခဲ့တဲ့ တောင်တက်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြိုးစားရှာဖွေနေတယ်လို့ သိရပါတယ်။
သူ့ရဲ့ ပရိသတ်တွေက “ဘီကနီတောင်တက်သူ” လို့ ခေါ်ကြတဲ့ Gigi Wu ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဂြိုဟ်တုဖုန်းတခုကို အသုံးပြုပြီး ထိုင်ဝမ်ရဲ့ Yushan အမျိုးသားဥယျာဉ်ထဲက ချောက်တခုထဲကို ကျသွားပြီး ဒဏ်ရာဆိုးဆိုးရွားရွားရခဲ့တယ်လို့ သူငယ်ချင်းတွေကို ပြောဆိုခဲ့ပါတယ်။
ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် သူ့ဆီကို ရောက်နိုင်ဖို့ ရုန်းကန်နေပြီး တာဝန်ရှိသူတွေကတော့ Wu ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ရဲ့ တည်နေရာကို သိရှိထားပြီလို့ ဆိုထားပါတယ်။ တောင်ပေါ်မှာ ရာသီဥတုအခြေအနေက သိပ်မကောင်းဘဲ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အလောင်းကို နေရာပိုကျယ်တဲ့ဆီရွှေ့ပေးဖို့နဲ့ ရာသီဥတုကြည်လင်သွားပြီဆိုရင် ရဟတ်ယာဉ်ကို အဲဒီမှာဆင်းပြီး အလောင်းသယ်ဖို့ ညွှန်ကြားထားတဲ့အကြောင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
Wu က မီတာ ၃၀ လောက်မြင့်တဲ့နေရာကနေ ကျခဲ့ပြီးတဲ့နောက်သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လှုပ်လို့မရတော့တဲ့ အကြောင်းသူငယ်ချင်းတွေဆီကို ပြောနိုင်ခဲ့ပြီး သူရှိနေတဲ့နေရာကိုတော့ ပေးပို့နိုင်ခဲ့ပါတယ်။
သူဟာ အချိန်မတိုင်မီ သေဆုံးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ နောက်ဆုံး ဆိုရှယ်မီဒီယာစွန့်စားရေးသမား ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ကယ်လီဖိုးနီးယားရဲ့ Yosemite အမျိုးသား ဥယျာဉ်မှာ နာမည်ကျော်တဲ့ နေရာတခုရဲ့ အောက်မှာ အိန္ဒိယစုံတွဲတတွဲရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါသေးတယ်။
တိုင်ပေမြို့သူ အသက် ၃၆ နှစ်အရွယ် Wu ဟာ တောင်ထိပ်တွေပေါ်မှာ ဘီကနီဝတ်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်တင်ပြီး နာမည်ရနေသူဖြစ်ပါတယ်။ တောင်ပေါ် တက်တဲ့အချိန်မှာ တောင်တက်ဝတ်စုံဝတ်ပြီး တောင်ထိပ်ရောက်မှသာ ဘီကနီဝတ်စုံကို လဲဝတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ လုပ်ခဲ့တဲ့အင်တာဗျူးတခုမှာတော့ သူဟာ လေးနှစ်အတွင်း တောင်ထိပ်ပေါင်း ၁၀၀ ကျော်ကို တက်ရောက် ခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတက်ခဲ့တဲ့ တောင်ထိပ် ၁၀၀ မှာ တခုစီတိုင်းကို ဘီကနီတထည်လဲတယ်လို့ ဆိုပါတယ်။
မတော်တဆဝတ်ဖူးတဲ့ ဘီကနီကို ပြန်ဝတ်မိလို့ စုစုပေါင်း ဘီကနီ ၉၇ စုံကို ဝတ်ဖူးခဲ့ပြီး တောင်ထိပ်မှာ ဓာတ်ပုံရိုက်ကူး ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: straitstimes