တစုံတခုကို မလုပ်ခင်မှာ စဉ်းစားချင့်ချိန်တွေးတောခြင်းဟာ ကောင်းမွန်တဲ့လုပ်ရပ်တခုလို့ ဆိုနိုင်ပေမယ့် လိုအပ်တာ ထက်ပိုပြီး တွေးတောမိနေတတ်ခြင်းဟာ ပြဿနာတွေကိုသာ ဖြစ်လာစေနိုင်ပါတယ်။ သင်ဟာ အတွေးလွန်တတ်သူတဦး ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက သင့်ကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
(၁) အဆိုးဘက်ကနေပဲ မတွေးပါနဲ့
တစုံတခုကိုပြုလုပ်ကာနီးတိုင်း အဆိုးမြင်တဲ့ဘက်ကနေပဲ တွေးတောခြင်းဟာ သင့်ကို ပိုမိုအတွေးလွန်စေနိုင်ပြီး စိုးရိမ်ပူပန် မှုတွေကိုသာ ဖြစ်စေပါတယ်။ ဘယ်အရာမဆို အဆိုးချည်းပဲလည်းမရှိသလို အကောင်းချည်းပဲလည်း မရှိတာကြောင့် အတွေးတွေလွန်နေခြင်းဟာ သင့်ကိုစိတ်ဖိစီးစေတာကလွဲလို့ ဘာမှဖြစ်လာစေမှာ မဟုတ်ပါဘူး။
(၂) အတွေးလွန်တတ်တဲ့ အကျင့်ကို သတိထားကြည့်ပါ
အတွေးလွန်တတ်တဲ့အကျင့်ကို မဖျောက်ခင်မှာ မိမိဟာ အတွေးလွန်တတ်သူလားဆိုတာကို သေချာသိအောင် သတိထား ကြည့်ဖို့လိုပါတယ်။ ဒီလို သတိထားကြည့်လိုက်တဲ့အတွက် အတွေးတွေလွန်နေတဲ့အခါ “ငါတော့ အတွေးတွေလွန်နေပြီ” ဆိုပြီး ပြန်လည်ထိန်းချုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
(၃) အနာဂါတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူးဆိုတာကို လက်ခံပါ
အနာဂါတ်မှာ ဘာဖြစ်လာနိုင်တယ်ဆိုတာကို ဘယ်သူမှ ကြိုမသိကြပါဘူး။ ဒါကြောင့်မို့လို အတွေးတွေလွန်ပြီး စိုးရိမ်ပူပန်နေမယ့်အစား လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ဖို့သာ အာရုံစိုက်ခြင်းအားဖြင့် အတွေးလွန်ခြင်းကို ရပ်တန့်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) သင့်ကိုယ်သင်ယုံကြည်ပေးပါ
အတွေးလွန်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ မိမိကိုယ်ကို ယုံကြည်မှုကို လျော့ပါးစေပြီး အကြောက်တရားတွေကိုသာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဆိုးတွေကို လုပ်ခဲ့မိတာကို ပြန်လည်တွေးတော နောင်တရနေမယ့်အစား သင့်လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကို ပြန်လည်တွေးတောခြင်းက အတွေးလွန်ခြင်းကို ရပ်တန့်ပေးနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုတွေကို တိုးပွားလာစေမှာ ဖြစ်ပါတယ်။
Ref. www.inc.com