အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဘာလီကျွန်းဟာ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင်တဲ့ ကျွန်းတကျွန်းပါပဲ။ ဘာလီကျွန်းကို လူတွေ သဘောကျတဲ့အချက်ကတော့ စိမ်းစိုလန်းဆန်းပြီး သဘာဝရှုခင်းအလှအပကြောင့်ပါ။
ဒါပေမယ့် အခုအခါမှာဆိုရင်တော့ သူ့ပင်ကိုယ်အလှအပကြောင့်ပဲ ဘာလီကျွန်းဟာ ပျက်စီးဖို့အန္တရာယ်နဲ့ ကြုံလာနေရပါပြီ။ အဲဒီအချက်ကတော့ ခရီးသွားဧည့်သည်တွေ အဆမတန် လာရာက်နေတဲ့အတွက်ကြောင့်ပါပဲ။
အင်ဒိုနီးရှားအစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရဆို ၂၀၁၇ ခုနှစ်မှာတင်ပဲ နိုင်ငံတကာကနေ ဘာလီကျွန်းကိုလာရောက်ကြတဲ့ ဧည့်သည်အရေအတွက်က ၅ ဒဿမ ၇ သန်းရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ခရီးသွားဧည့်သည်အရေအတွက်ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေမယ့် ၂၀၁၇ ခုနှစ်ကထက် ပိုပြီးများပြားဖို့ပဲ ရှိပါတယ်။
အဲဒီလို သန်းနဲ့ချီလာရောက်ကြတဲ့ခရီးသည်တွေထဲမှာ လူအတော်များများက အမှိုက်တွေကို စည်းမရှိ ကမ်းမရှိ ပစ်ချထားခဲ့ကြပါတယ်။ အဲဒီလို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားခဲ့ကြတဲ့အမှိုက်တွကြောင့် တချိန်က လှပခဲ့တဲ့ဘာလီကျွန်းဟာ အကျည်းတန်လာခဲ့ရတာ ဖြစ်ပါတယ်။
ခရီးသွားတွေ အများအပြားလာရောက်ကြတဲ့အတွက် ခရီးသွားလုပ်ငန်းအနေနဲ့ ဝင်ငွေကာင်းနေပေမယ့် တဖက်မှာဆိုရင်တော့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဖက်တွမှာ ပိုပိုပြီး အားနည်းလာခဲ့ပါတယ်။
ဒီလိုဖြစ်လာနေတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကတော့ နည်းလမ်းတလမ်း ရှိပါတယ်။ အဲဒါကတော့ တရားဥပဒေနဲ့ ထိန်းချုပ်သွားဖို့ပါပဲ။ Jakarta Post သတင်းစာမှာ ဖော်ပြထားချက်အရဆိုရင်တော့ ဘာလီကျွန်းက ပြန်လည်ထွက်ခွာ ကြမယ့် ခရီးသွားဧည့်သည်တွေဆီက အခွန်ကောက်ဖို့ပါပဲ။ အခွန်ကိုတော့ ၁၀ ဒေါ်လာကောက်ခံမှာ ဖြစ်ပါတယ်။
ဘာလီကျွန်းရဲ့ပြည်နယ်လွှတ်တော်အမတ်ဖြစ်တဲ့ Nyoman Adi Wiryatama ကလည်း သူ့အမြင်ကို အခုလိုပဲပြောပါတယ်။
“ ခရီးသွားဧည့်သည်တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်မှာပျော်ရွှင်ကြဖို့ ခရီးထွက်လာပြီး ဘာကြောင့်များ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထောက်အကူ မပြုရတာလဲ” လို့ ဆိုပါတယ်။
ဘာလီကျွန်းရဲ့ Udayana တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ကျောင်းသားတွေကိုလည်း ဘာလီကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆန္ဒရှိ၊ မရှိမေးမြန်းခဲ့ရာမှာ ၆၀ ရာခိုင်နှုန်းက ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆန္ဒရှိကြပါတယ်။
အခုလို အခွန်ကောက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တာ အင်ဒိုနီးရှားတနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာလည်း ဒီဥပဒေကိုပြဌာန်းထားပြီး ၉ ဒေါ်လာကောက်ခံသွားမှာဖြစ်ပါတယ်။ ဂျပန်မှာဆိုရင်တော့ ဒီဥပဒေက ၂၀၁၉ ၊ ဇန်နဝါရီလက နေစပြီး အသက်ဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။