နိုင်ငံတိုင်းမှာ ထူးခြားတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုလေ့ ရှိကြပါတယ်။ နိုင်ငံအချို့မှာ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေဟာ တခြားနိုင်ငံက လူတွေအနေနဲ့ အံံ့အားသင့်စရာတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ထူးထူးခြားခြား ပစ္စည်းတွေကို အသုံးပြုမှု အများဆုံးကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာသာ ရှိတဲ့ ထူးထူးခြားခြား ကုန်ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) မျက်မမြင်စာ
ဂျပန်နိုင်ငံမှာ အသင့်စား စားသောက်ကုန်တွေရဲ့ အဖုံးပေါ်မှာတောင်မှ မျက်မမြင်စာကို ရေးထားပေးကြပါတယ်။ ဒီလို ပြုလုပ်ထားခြင်းကြောင့် မျက်မမြင်တွေလည်း ကိုယ့်အားကိုယ်ကိုးပြီး ဈေးသုံးနိုင်လာပါတယ်။ ဂျပန်တွေဟာ သူတို့ နိုင်ငံသားအချင်းချင်း တတ်နိုင်သလောက်ကူညီဖို့ အမြဲတမ်း တီထွင်ဖန်တီးနေတတ်သူတွေလည်း ဖြစ်ပါတယ်။
(၂) ထီးထည့် အိတ်
မိုးရွာပြီးရင် ထီးကို ပြန်သိမ်းရတာဟာ အရမ်းအလုပ်ရှုပ်ပါတယ်။ စိုနေတဲ့အတွက် ကျောပိုးအိတ်နဲ့ လက်ကိုင်အိတ်တွေထဲကို ထည့်မယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ ဒါပေမယ့် ဂျပန်တွေမှာ အဆင်ပြေမယ့် နည်းလမ်းကတော့ အဆင်သင့်ပါ။ ထီးထည့်တဲ့ အိတ်ကို ရေစုပ်အောင် လုပ်ထားပေးတဲ့ နည်းလမ်းပါပဲ။ ဒီအိတ်ဟာ ထီးမှာ စိုနေတဲ့ ရေကို မိနစ်ပိုင်းအတွင်း ခြောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
(၃) အင်္ကျီချိတ်(ဂျိတ်)
ဆောင်းတွင်းမှာ ဈေးဝယ်ထွက်တဲ့အခါ အပြင်မှာ ဝတ်ခဲ့တဲ့ အနွေးထည် ထူထူကြီးတွေကို ချွတ်ချင်တဲ့သူတွေအတွက် ကျောပိုးအိတ်လိုပုံစံဖြစ်စေမယ့် ကြိုးကို အင်္ကျီတွေမှာ ထည့်ပြီး ချုပ်ထားပေးတာဖြစ်ပါတယ်။ ပူလာတဲ့ အခါမှာ သင်က အင်္ကျီလက်ကို ချွတ်လိုက်တာနဲ့ သင့်အနွေးထည်က သာမန်ကျောပိုးအိတ်လို ဖြစ်သွားမှာ ဖြစ်ပါတယ်။
(၄) ဘတ်စ်ကားမှတ်တိုင်
ဂျပန်မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်တွေဟာ ရန်ကုန်က ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ပြောင်းပြန်ပါ။ ကားမှတ်တိုင်တွေမှာ ရှိတဲ့ မှန်က လမ်းကို ကာထားပေးပါတယ်။ အဲဒီလိုကာကွယ်ထားပေးတဲ့ အတွက် လမ်းပေါ်မှာ ရှိတဲ့ ဖုန်တွေ ခန္ဓာကိုယ်ပေါ်မရောက်တော့တဲ့ အပြင် ကားတွေဆီက လာတဲ့ ဆူညံသံတွေကိုလည်း ကာကွယ်ထားပေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မှန်နဲ့ ကာထားတာဖြစ်လို့ မှတ်တိုင်မှာ ကပ်ထားတဲ့ ကားစာရင်းအပါအဝင် အရှေ့မှာ လာရပ်တဲ့ ကားကိုပါ ကောင်းကောင်းမွန်မွန်မြင်ရပါတယ်။
(၅) ကားပါကင်
ဂျပန်နိုင်ငံမှာ ကားဝယ်မယ်ဆိုရင် ကားပါကင်ရှိကြောင်းပြရပါတယ်။ သင့်အိမ်မှာ ဒါမှမဟုတ် သင်နေတဲ့ တိုက်ခန်းမှာ ကားရပ်ဖို့ အတွက် သေချာတဲ့ နေရာရှိမှသာ ကားကို ဝယ်ခွင့်ရှိတာပါ။ ဂျပန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးစနစ်အားလုံးက ကောင်းမွန်ပြီးသား ဖြစ်တာကြောင့် ကိုယ်ပိုင်ကားကို လူတိုင်းဝယ်စရာမလိုဘူးလို့ သတ်မှတ်ထားကြပါတယ်။ ဒါဟာ မလိုအပ်တဲ့ ကားလမ်းပိတ်ဆို့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ထုတ်ထားတဲ့ ဥပဒေတရပ်ပဲ ဖြစ်ပါတယ်။
Ref;mmn