ဘယ်အလုပ်မှာမဆို ကျွမ်းကျင်တဲ့ Professional တဦးလို ရပ်တည်နိုင်ဖို့အတွက် အချိန် အတိုင်းအတာတခု လိုအပ်ပြီး လေ့ကျင့်မှုနဲ့ သင်ယူလေ့လာမှုတွေကလည်း အရေးကြီးပါတယ်။ လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ Professional တဦးအဖြစ် ရပ်တည်နိုင်သူတွေဟာ ငယ်ငယ်ရွယ်ရွယ် ကလေးငယ်ဆိုလို့ မရှိသလောက်ကို ရှားပါးလှပါတယ်။
အခုဖော်ပြပေးမယ့် ကလေးငယ်ကတော့ အသက် ၆ နှစ်အရွယ်သာရှိသေးပေမယ့် ဆံပင်ညှပ်ခြင်းအတတ်ပညာကို Professional တဦးလို ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်သူပဲ ဖြစ်ပါတယ်။
Jiang Hongqi လို့အမည်ရတဲ့ အသက် ၆ နှစ်အရွယ်ရှိ ဒီကလေးငယ်ကတော့ တရုတ်နိုင်ငံသားတဦးဖြစ်ပြီး မိဘတွေဟာဆိုရင်လည်း ဆံပင်အလှပြုပြင်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေပဲ ဖြစ်ကြပါတယ်။ ဆံပင်အလှပြုပြင်ခြင်းနဲ့ ဆံပင်ညှပ်ပညာကို မိဘတွေဆီကနေ သင်ယူလေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ကြိုးစားလေ့လာမှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ ကျွမ်းကျင်တဲ့ ဆံပင်ညှပ်ဆရာတဦး ဖြစ်လာခဲ့တာပါ။
ဆံပင်ညှပ်ခြင်းအတတ်ပညာကို အခြေခံကနေစပြီး ကျွမ်းကျင်အဆင့်အထိ လျင်လျင်မြန်မြန် တတ်မြောက်ခဲ့တဲ့ ဒီကလေးငယ်ဟာဆိုရင်တော့ လက်ရှိအချိန်မှာ ဆံပင်လာညှပ်သူပေါင်း ထောင်နဲ့ချီကို ဆံပင်ညှပ်၊ ဆံပင်အလှပြုပြင် ပေးနေတာပဲဖြစ်ပါတယ်။
သင်ယူလေ့လာနိုင်မှု မြန်ဆန်လှတဲ့ ဒီကလေးငယ်ကို မိဘတွေက အစပိုင်းမှာတော့ အနည်းငယ် မယုံမကြည် ဖြစ်ခဲ့ကြပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ Client တွေစိတ်တိုင်းကျအောင် ဆံပင်အလှပြုပြင်ပေးနိုင်တဲ့ စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီးနောက်မှာတော့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစလို Professional ဆံပင်ညှပ်ဆရာတဦးအဖြစ် ရပ်တည်စေခဲ့တာလည်း ဖြစ်ပါတယ်။
Jiang ရဲ့မိဘတွေဟာ ဆံပင်အလှပြုပြင်တဲ့ Hair Saloon ကို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကနေစပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Jiang ကတော့ ၄ နှစ်သား အရွယ်လောက်တည်းက မိဘတွေကို ကူညီပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကျွမ်းကျင်လှတဲ့ ဆံပင်အလှပြုပြင်ခြင်းနဲ့ ဆံပင်ညှပ်စွမ်းရည်ကြောင့် လူမှုကွန်ရက်တွေမှာ လူသိများလာခဲ့ပြီး Social Media မှာ Follower (၁ ဒဿမ ၅ သန်း) ခန့်နဲ့ အောင်မြင်နေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ဆံပင်ညှပ်ပေးနေတဲ့ ဗီဒီယိုကို တရုတ်နိုင်ငံရဲ့ Photo Sharing Application ဖြစ်တဲ့ Kuaishoun မှာတင်လိုက်ချိန်မှာတော့ ကြည့်ရှုသူတွေဟာ အံသြမှင်သက်သွားခဲ့ကြပြီး အမှန်တကယ် လက်တွေ့ စမ်းသပ်ချင်သူတွေကတော့ Jiang ရဲ့ ဆံပင်ညှပ်ဆိုင်ဆီကို သွားရောက်ကာ ဆံပင်အလှပြုပြင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Ref : www.elitereaders.com