၂၀၁၉ နှစ်စမှာ စတင်ပြီး ခေတ်စားလာတဲ့ အရာတခုကတော့ ဆယ်နှစ်အတွင်း ပြောင်းလဲမှုတွေကို ဓာတ်ပုံရိုက်ပြီး Facebook စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်တဲ့ Challenge ပဲဖြစ်ပါတယ်။ တော်တော်များများက ကိုယ့်ရဲ့ ငယ်ဘဝပုံတွေနဲ့ ၂၀၁၉ က ပုံတွေကို နှိုင်းယှဉ်ပြီး တင်ကြပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသူတွေကတော့ ၁၀နှစ်အတွင်း ကမ္ဘာကြီးပြောင်းလဲလာမှုကို ဓာတ်ပုံရိုက်ပြီး 10 Years Challenge ကို ပြုလုပ်ခဲ့ကြပါတယ်။
(၁) Rhône Glacier (ဆွစ်ဇာလန်)
လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ယှဉ်လိုက်တဲ့ အခါမှာ Rhône Glacier လို့ အမည်ရတဲ့ ရေခဲတောင် တခုဟာ နှစ်တိုင်းဆက်တိုက် အရည်ပျော်တာတွေကို ကြုံတွေ့နေရတာကို သိရှိခဲ့ရပါတယ်။ ၁၃၁ ပေခန့် အရည်ပျော်ကျလာတဲ့ ဒီရေခဲတောင်ဟာ ကမ္ဘာကြီးပူနွေးလာမှုကို သက်သေပြနေတဲ့ အရာတခုပါပဲ။ ဆွစ်ဇာလန်အစိုးရက ရေခဲတောင်ဆက်ပြီး အရည်ပျော်ခြင်းကို ကာကွယ်ဖို့ အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
(၂) အမေဇုံမုတ်သုန်တော (တောင်အာဖရိက)
တောင်အာဖရိကမှာ ရှိတဲ့ အမေဇုံမုတ်သုန်တောဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သစ်တောဧရိယာ ၃၀၅၀ စတုရန်းမိုင်ခန့်ကို ခုတ်ခြင်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို သစ်တောပြုန်းတီးမှုဖြစ်အောင် တရားမဝင်ပြုလုပ်နေကြပြီး တရားမဝင် သစ်ထုတ်လုပ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
(၃) Great Barrier Reef ( သြစတေးလျ)
သန္တာကျောက်တန်းကို ရိုက်ကူးထားတဲ့ ဒီပုံဟာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဒီလို သန္တာကျောက်တန်းတွေ ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း ရာထောင်ချီ ကြာမြင့်ပေမယ့် ဖျက်ဆီးလိုက်ဖို့ကတော့ လွယ်ကူလွန်းနေပါတယ်။ ပင်လယ်တွင်းမှာ နေထိုင်တဲ့ သတ္တဝါတွေရဲ့ ဂေဟစနစ်တွေ ယိုယွင်းပျက်စီးလာမှုရဲ့ ဆိုးကျိုးတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။
(၄) Sana’a (ယီမင်)
ဒီတခုကတော့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု စတာတွေ ပြောင်းလဲလာလို့ မဟုတ်ပါဘူး။ လူသားတွေရဲ့ မလိုလားအပ်တဲ့ အမုန်းတရားတွေကြောင့် စစ်ပွဲတွေ ဖြစ်ပေါ်လာရပြီး စစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာကို ပြသထားတဲ့ ပုံပဲဖြစ်ပါတယ်။
(၅) Manta Point (ဘာလီ)
ဒီပုံက ဆယ်နှစ်အတွင်းပြောင်းလဲမှုကို ရိုက်ကူးထားတာတောင် မဟုတ်သေးပါဘူး။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ၄ နှစ်ကာလအတွင်းမှာပဲ အများကြီး ပြောင်းလဲလာခဲ့တာပါ။ ခရီးသွားတွေ များပြားလာပြီး လူတွေဟာ စည်းကမ်းမဲ့လွန်းတာကြောင့် ပင်လယ်ရေထဲမှာ အမှိုက်သရိုက်နဲ့ ပလက်စတစ်တွေ ပြည့်နှက်နေတဲ့ ပုံပဲဖြစ်ပါတယ်။
Ref;brightside