Antonio La Cava ဆိုသူဟာ သုံးဘီးကားတစီးနဲ့ ကလေးတွေစာဖတ်နိုင်ဖို့အတွက် အီတလီနိုင်ငံအတွင်း လှည့်လည်သွားလာနေသူတယောက်ပါ။ သူ့အယူအဆကတော့ “စာအုပ်တအုပ်တောင် မရှိတဲ့ ကလေးဟာ မကြာခဏဆိုသလိုပဲ အထီးကျန်တဲ့အဖြစ်ကို ရောက်ရောက်သွားရတယ်”ဆိုတာပါပဲ။
အငြိမ်းစား ကျောင်းဆရာတယောက်ဖြစ်တဲ့ La Cava ဟာ သူစီးနေတဲ့ သုံးဘီး ဗန်ကားလေးကို မိုဘိုင်းစာကြည့်တိုက်အသွင် ပြောင်းခဲ့ပြီး အီတလီတောင်ပိုင်းမှာရှိတဲ့ Basilicata တောင်စွယ်တောင်တန်းတွေထိ ရောက်အောင်သွားခဲ့ပါတယ်။ La Cava ဟာ လူသူအရောက်အပေါက်နည်းတဲ့ San Paolo Albanese လို ရွာတွေအထိ ခရီးဆန့်နိုင်ခဲ့ပြီး ကလေးတွေစာဖတ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
San Paolo Albanese ရွာမှာဆိုရင်တော့ မူလတန်းအရွယ် ကျောင်းသားတယာက်တည်းသာ ရှိပါတယ်။ တယာက်တည်းရှိလည်း La Cava ကတော့ ရောက်အောင်သွားနိုင်ခဲ့တာပါပဲ။
“ကျနော် အကြီးအကျယ်စိုးရိမ်နေမိတာကတော့ ကျနော်တို့ တနိုင်ငံလုံးမှာ စာမဖတ်တဲ့ လူဦးရေကြီးထွားလာနေတာကိုပါပဲ။ အဲဒါကြောင့် ကလေးတွေ အလွယ်တကူ စာဖတ်လာနိုင်တဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားတဲ့အခါ ဒီနည်းလမ်းကို သွားတွေ့တယ်။ ခုကျနော်လုပ်နေတဲ့နည်းလမ်းက တန်ဖိုးရှိပါတယ်။ ဒါဟာ လူမှုရေး နဲ့ ယဉ်ကျေးမှုအတွက်သာမဟုတ်ဘဲ အလွန်ကြီးမားတဲ့ ကျင့်ဝတ်ဆိုင်ရာလည်း ဖြစ်ပါတယ်”လို့ La Cava ကပြောပါတယ်။
La Cava မျှော်လင့်ထားတာကတော့ ဒီယဉ်ကျေးမှုဟာ အခွင့်ထူးခံ လူနည်းစုအတွက်တင် မဟုတ်ဘဲ လူတွေအားလုံးအတွက် ဖြစ်စေရမယ်လို့ မျှော်လင့်ထားပါတယ်။ သူဟာ အသက် ၄၂ နှစ်ပြည့်ပြီးနောက်မှာတော့ ကျောင်းဆရာအလုပ်က အနားယူခဲ့ပြီး စာကြည့်တိုက်တွေ မရှိတဲ့အရပ်က ကလေးတွေလည်း စာအုပ်တွေကို ချစ်တတ်လာဖို့ ဒီအစီအစဉ်ကို စတင်ခဲ့ပါ တယ်။
ဒါကြောင့်လည်း ၂၀၀၃ ခုနှစ်မှာ သုံးဘီး ဗန်ကားလေးတစီး ဝယ်ယူခဲ့ပြီး စာအုပ်ပေါင်း ၇၀၀ ကျော်နဲ့ သူ့လုပ်ငန်းကို စတင်ခဲ့ပါတယ်။ အပတ်တိုင်း အပတ်တိုင်းလည်း အီတလီတောင်ပိုင်းက ရွာတွေဆီသွားလေ့ရှိပြီး သူ့ကားရောက်ရှိလာပြီဖြစ်ကြောင်း အသံပြုလိုက်တာနဲ့ ကလေးတွေ ရောက်ရှိလာပါတော့တယ်။
La Cava ဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဘာလို့လဲဆိုတော့ ကလေးတွေဟာ ရေခဲမုန့်ရောင်းတဲ့ ထရပ်ကားတွေထက် သူ့ကားကို ပိုပြီးစိတ်ဝင်စားကြလို့ပါ။ ဒါကြောင့်လည်း သူ့ ကားဆီမှာပဲ ကလေးတွေ စုပြုံနေကြပါတော့တယ်။ La Cava ဟာ မိုင် ၃၀၀ ကျော်ရှည်လျားတဲ့ ခရီးတွေကို သွားလေ့ ရှိပြီး သူ့စာအုပ်တွေ ငှားယူနိုင်ဖို့ နေရာ ၈ နေရာမှာ ကားရပ်ပေးလေ့ ရှိပါတယ်။
Ref:BBC