ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ အသက် ၁၈ နှစ်ကနေ ၅၀ ကြားရှိ လူပေါင်း ၆၀၀ ခန့်ကို သုတေသနစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အရပ်ပုသူတွေဟာ တခြားသူတွေထက် ပိုမိုစိတ်တို ပေါက်ကွဲလွယ်တတ်ကြတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြပါတယ်။
ဒါဟာ အရပ်ပုတယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကို ထိခိုက်စော်ကားလိုတာမျိုး မဟုတ်ဘဲ ဆေးပညာလေ့လာတွေ့ရှိချက်တွေအရ အတည်ပြု ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ သုတေသနတွေအရ အရပ်ပုသူတွေဟာ စိတ်တိုစိတ်ဆတ်လွယ်ကြတဲ့အပြင် တခုခုဆိုရင် လက်နက်ကိုင် ဖြေရှင်းတဲ့အဆင့်အထိပါ ပေါက်ကွဲလွယ်ကြတယ်လို့လည်း တွေ့ရှိထားပါတယ်။
Oxford တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့ကြတဲ့ အရပ် အနိမ့်အမြင့်အလိုက် စိတ်အခြေအနေ ခန့်မှန်းမှု လေ့လာတွေ့ရှိချက်တွေမှာဆိုရင်လည်း အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် အမှန်တကယ်ကိုပဲ စိတ်တိုစိတ်ဆတ် ဒေါသထွက်ပေါက်ကွဲလွယ်ကြကြောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် Georgia က သုတေသနပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာတွေ့ရှိချက်တွေမှလည်း ဒီလေ့လာတွေ့ရှိချက်ဟာ အမှန်တကယ်ဖြစ်ကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။
အရပ်ပုသူတိုင်း စိတ်တိုစိတ်ဆတ်လွယ်ကြတာမျိုးတော့ မဟုတ်ပေမယ့် ပျမ်းမျှအားဖြင့်တော့ အရပ်ပုသူတွေဟာ စိတ်ပိုတိုတတ်ကြပြီး ဒါဟာ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကိုတော့ လေ့လာသူတွေက ရှင်းလင်းပြောကြားထားပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို “Napoleon Complex” လို့လည်း ခေါ်ဝေါ်ကြသလို ဆေးပညာရှင်တွေက“Short man syndrome” လို့လည်း ခေါ်ဝေါ်ကြပါတယ်။
အရပ် အနိမ့်အမြင့်အလိုက် စိတ်အခြေအနေခန့်မှန်းမှု သုတေသနလေ့လာမှုမှာဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာအရ အရပ်ရှည်သူတွေဟာ သာမန်အားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိကြရာကနေ စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိတာလို့ ဆိုပါတယ်။ လွယ်လွယ်ကူကူပြောရမယ် ဆိုရင်တော့ အရပ်ရှည်သူတွေဟာ စိတ်ပိုရှည်ကြကြောင်းကို ဆိုလိုချင်တာပဲဖြစ်ပါတယ်။
မြန်မာစကားပုံမှာလည်း “လူပု စိတ်တို” ဆိုတာမျိုး ရှိသလို နိုင်ငံတကာနဲ့ဆိုင်တဲ့ သာဓကတခုကို ပြပါဆိုရင်လည်း စစ်ဘုရင် နပိုလီယံဟာ အရပ် ၅ ပေ ၆ လက်မခန့်ရှိပြီး အနောက်နိုင်ငံသားတွေထဲမှာတော့ အရပ်ပုတယ်လို့ ပြောလို့ရပါတယ်။ အရပ် ၅ ပ ၆ လက်မခန့်ရှိတဲ့ နပိုလီယံဟာ စိတ်တိုစိတ်ဆတ်မြန်ပြီး ဒေါသကြီးလွယ်တာဟာဆိုရင်လည်း ရာဇဝင်မှာ တွင်ကျန်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref: m.timesofindia.com