ဂျင်းအဝတ်အထည်တွေဟာ ဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ၊ သူ့ရဲ့ ကြာရှည်ခံတဲ့ အရည်အသွေးကြောင့် ပြန်လည် အသုံးပြုလို့ရတဲ့ Recycle အမျိုးအစား တခုပဲ ဖြစ်ပါတယ်။ ဗီရိုထဲက မဝတ်ချင်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းတွေကို လွှင့်ပစ်လိုက်မယ့်အစား အခုဖော်ပြမယ့် နည်းလမ်းတွေကို အသုံးပြုပြီး ပြန်လည်အသုံးချနိုင်ပါတယ်။
(၁) Apron တွေအဖြစ် ပြန်လည်အသုံးပြုမယ်
မီးဖိုချောင်ထဲမှာ ဝတ်ဆင်တဲ့ ရှေ့ဖုံးခါးစည်း Apron တွေအဖြစ် ဂျင်းဘောင်းဘီအဟောင်းတွေကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ ကြယ်သီးတွေ၊ ဂျင်းဘောင်းဘီမှာပါတဲ့ အိပ်ကပ်တွေကို ပြန်လည်အသုံးပြုပြီး ချုပ်လုပ်ထားတဲ့ Apron တွေက အမြင်တမျိုး ဆန်းနေစေမှာ ဖြစ်ပါတယ်။
(၂) ဂျင်းအိတ်တွေအဖြစ် ပြောင်းလဲဖန်တီးမယ်
ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဂျင်းအိတ်လိုမျိုးကိုပဲ မိမိရဲ့ဂျင်းအဝတ်အစားတွေကို အသုံးပြုပြီး ချုပ်လုပ်နိုင်ပါတယ်။ ဘေးလွယ်အိတ်ကိုမှ ကြိုး အတို၊အရှည် ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ ဂျင်းအိတ်လေးတွေက သင့်ကို အထာကျစေနေမှာ ဖြစ်ပါတယ်။
(၃) ခေါင်းအုံးအဖြစ် ချုပ်လုပ်ဖန်တီးမယ်
ဧည့်ခန်းထဲမှာ ထားတဲ့ ခေါင်းအုံးငယ်လေးတွေကို ဂျင်းဘောင်းဘီအစတွေနဲ့ ဖြတ်ညှပ်ကပ် ချုပ်လုပ်ဖန်တီးထားတဲ့ ဂျင်းခေါင်းအုံးငယ်လေးတွေက သက်သောင့်သက်သာ ရှိစေမယ့်အပြင် စိတ်ဝင်စားဖွယ် ဆန်းသစ်နေမှာပဲ ဖြစ်ပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အိပ်ရာအဖြစ် ဖန်တီးမယ်
ဂျင်းဘောင်းဘီအဟောင်းတထည်ကို အထဲကနေ အဝတ်စ ခပ်ထူထူတခုကို ခံပြီး ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် အိပ်ရာအဖြစ် ဖန်တီးချုပ်လုပ်နိုင်ပါသေးတယ်။