ဘန်ကောက်တွင် မီးခိုးမြူများ လျော့ပါးသွားရန် ဒရုန်းများဖြင့် ရေ ပက်ဖျန်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မီးခိုးမြူတွေ ပိုမိုများပြားလာတဲ့အတွက် ကြာသပတေးနေ့မှာ ဒရုန်း အစီး ၅၀ အသုံးပြုကာ လေထုထဲ ရေ ပက်ဖျန်းခဲ့ပါတယ်။
အဆိုပါဒရုန်းတွေကို ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (Bangkok Metropolitan Administration “BMA”) က စိုက်ပျိုးရေးအသင်းတခုထံကနေ ငှားရမ်း အသုံးပြုခဲ့တာပါ။ ဘန်ကောက်မြို့တော် နယ်မြေ ၆ ခုမှာ မီးခိုးမှုန့်တွေ လျော့ချနိုင်ဖို့အတွက် ရေတွေပက်ဖျန်းသွားမှာ ဖြစ်တယ်လို့ ဘန်ကောက် မြို့တော်ဝန် Pol Gen Aswin Kwanmuang က ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မြို့ရဲ့ ပိုမိုဆိုးဝါးလာတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဒရုန်းတွေကို ပထမဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။
မီးခိုးမြုမှုန့်တွေ လျော့ချဖို့အတွက် ဒရုန်း ၅ စီးကို ဘန်ကောက်မြို့တော်ခန်းမရှေ့က Lan Khon Muang ကားပါကင် ကနေ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒရုန်းအစီးရေနဲ့ ရေဖျန်းမယ့် နယ်မြေဧရိယာကို တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။
ဒရုန်းတစီးမှာ ရေ ၅ လီတာကနေ ၁၀ လီတာ အထိ သယ်ဆောင်နိုင်ပြီး၊ အားတခါသွင်းထားရင် ၂ စတုရန်းကီလိုမီတာ ဧရိယာအတွင်း ၁၅ မိနစ် ကနေ ၂၀ မိနစ်ကြား ပျံသန်းနိုင်ပါတယ်။ မီးခိုးမြူတွေ လျော့ပါးသွားဖို့အတွက် ဒရုန်းတွေအပြင် ရေသယ်ယာဉ်တွေနဲ့လည်း လေထုထဲ ရေတွေ ပက်ဖျန်းဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။
ရေသယ်ယာဉ်တွေနဲ့ ရေပက်ဖျန်းတဲ့ ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့အတွက် အမှတ် (၁) ဒေသန္တရစစ်တပ်ကိုလည်း မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အကူအညီတောင်းခဲ့တာပါ။ ရေဖြန်းပြီးသွားရင် အများပြည်သူပိုင်နေရာတွေနဲ့ လမ်းမ မျက်နှာပြင်တွေကို BMA ဝန်ထမ်းတွေက သန့်ရှင်းရေး ပြန်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဘန်ကောက် မီးသတ်နှင့် ကယ်ဆယ်ရေး ဌာနက ကြီးကြပ်ပြီး လေထုထဲကို သန့်စင်တဲ့ ရေတွေ ပက်ဖျန်းသွားမှာပါ” လို့ မြို့တော်ဝန်က ပြောပါတယ်။
မူလက လေထုထဲက မီးခိုးမြူမှုန့်တွေကို လျော့ပါးစေဖို့ အတွက် သကြားရည်တွေ ပက်ဖျန်းဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒရုန်းငှားရမ်းတဲ့ စိုက်ပျိုးရေးအဖွဲ့က သကြားရည်ဟာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ အရည်တမျိုး ဖြစ်ပြီး ဘန်ကောက်မြို့ပေါ် ပက်ဖျန်းမယ်ဆိုရင် လူတွေ၊ ယာဉ်တွေပေါ် အမဲရောင်အမှုန့်ခဲတွေ ပြုတ်ကျလာနိုင်ခြေရှိကြောင်း သတိပေးခဲ့တာကြောင့် ရိုးရိုးရေကိုပဲ ပြောင်းလဲ အသုံးပြုခဲ့တာပါ။
ရေပက်ဖျန်းမယ့် ဒရုန်းတွေကို Lan Khon Muang၊ Wat Phra Srimahathat၊ Kasetsart တက္ကသိုလ်၊ Chatuchak ပန်းခြံ၊ Lumpini ပန်းခြံနဲ့ Rama IX တံတား နေရာ ၆ ခုကနေ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ နေရာတခုမှာ တနေ့ကို မိနစ် ၉၀ ကနေ ၂ နာရီလောက် ရေ ပက်ဖျန်းသွားမယ်လို့ ကြေညာထားပါတယ်။
ဒရုန်းတွေနဲ့ လေထုထဲ ရေဖြန်းတာဟာ ထိရောက်မှုရှိပါ့မလားလို့ မြို့တော်ဝန်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ “ကျနော်လည်း အကုန် ဘယ်သိမလဲ။ ဒါကြောင့် ကူညီချင်သူတိုင်းကို ကြိုဆိုပါတယ်။ ကျနော်တို့ ဘာမှ မလုပ်ဘူးဆိုရင်လည်း ဒီတိုင်း ထိုင်နေတယ်ဆိုပြီး လူတွေက ဝေဖန်ကြမှာပဲ” လို့ ပြန်လည် ဖြေကြားပါတယ်။
ဘန်ကောက်မြို့နဲ့ အနီးတဝိုက်က လေထုထဲမှာ PM2.5 လို့ခေါ်တဲ့ အချင်း ၂ ဒဿမ ၅ မိုက်ခရိုမီတာ ရှိတဲ့အန္တရာယ်ရှိ ဖုန်မှုန့်တွေ လွှမ်းခြုံနေခဲ့တာ ရက်သတ္တပတ်အတော် ကြာမြင့်ခဲ့ပါပြီ။ လေထုညစ်ညမ်းမှု ပြဿနာကြောင့် ဘန်ကောက်က အစိုးရ ကျောင်းပေါင်း ၄၃၇ ကျောင်းကိုလည်း နောက်တပတ်အထိ ပိတ်ထားရပါတယ်။ ဒါ့အပြင် ဘန်ကောက်နဲ့ အနီးနား မြို့နယ်တွေက ပုဂ္ဂလိက ကျောင်းတွေ အကုန်လုံးကိုလည်း ပိတ်ထားဖို့ ပညာရေးဝန်ကြီးဌာနက ယခုတပတ် ကြာသပတေးနေ့မှာ ညွှန်ကြားခဲ့ပါတယ်။
Bangkok Post တွင် ရေးသားထားသော City deploys water-spraying drones to reduce smog သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။