မိတ်ဆွေအသစ် ဖွဲ့တဲ့အခါ အမြဲလိုလို ဘာဆက်ပြောလို့ ပြောရမှန်း မသိတာမျိုး ဖြစ်ဖူးပါသလား။ တခြားလူတယောက်ကို သင်က စေတနာနဲ့ ပြောပြပေမယ့် အပြောမတတ်တာကြောင့် မိတ်ဆွေဖွဲ့ရ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီတခါ သင့်ကို လူတိုင်းက သဘောကျအောင် စကားဘယ်လိုပြောရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အလိုက်သင့် ပြောတတ်ပါစေ
လူတယောက်နဲ့ စကားပြောတော့မယ်ဆိုရင် အရင်ဆုံး ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ အလိုက်သင့်ပြောလို့ ရပါတယ်။ ရာသီဥတုအကြောင်း၊ ပတ်ဝန်းကျင်အကြောင်းတွေနဲ့ အစပျိုးနိုင်ပါတယ်။ စာအုပ်ဆိုင်မှာတွေ့တဲ့ သူတယောက်ကို စာအုပ်အကြောင်းပြောပြီး မိတ်ဖွဲ့တာမျိုးက သင်နဲ့ သူ စကားပြောလို့ကောင်းတဲ့ ခေါင်းစဉ်တခုကို ရလာနိုင်ပါတယ်။
(၂) ပုဂ္ဂိုလ်ရေးတွေ ရှောင်ပါ
ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် မိတ်ဖွဲ့တော့မယ် ဆိုရင် အရမ်းကြီး ပုဂ္ဂိုလ်ရေးဆန်တာတွေကို မမေးဖို့ လိုပါတယ်။ အသေးအမွှား အကြောင်းအရာတွေကို ပြောရင်းနဲ့ စကားပြောကောင်းတဲ့ မိတ်ဆွေ တယောက်အဖြစ် သင့်ကိုသူများက ခင်တွယ်စေချင်တယ်ဆိုရင် ပုဂ္ဂိုလ်ရေးတွေကို မပြောဘဲ နေဖို့နဲ့ သူ့ဘဝကို သင့်အမြင် ဆိုတာတွေ မပြောမိဖို့ အရမ်း အရေးကြီးပါတယ်။
(၃) ဂရုစိုက်ပါ
လူတွေဟာ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကို သဘောကျလေ့ ရှိပါတယ်။ မိတ်ဆွေအသစ်ဖွဲ့တဲ့ အခါမှာ ဂရုစိုက်တဲ့ နည်းလမ်းက အရမ်းကို အရေးကြီးပါတယ်။ တတ်နိုင်ရင် အသေးအဖွဲကိစ္စလေးတွေကိုတောင် မေးခွန်းလုပ်ပြီး စကားလမ်းကြောင်းဖော်လို့ ရပါသေးတယ်။ ဥပမာ ဒီနေ့အတွက် ပျော်စရာအကောင်းဆုံး အရာက ဘာများလဲ လို့ မေးတာမျိုးက သူ့ကို ဂရုစိုက်တဲ့ပုံပေါ်တဲ့ အပြင် သူပြောပြတဲ့ အကြောင်းအရာကို လိုက်ပြီး သင်တို့ရဲ့ စကားဝိုင်းကို စိုပြေစေနိုင်ပါတယ်။
(၄) ဟာသပြောပါ
ဟာသပြောတတ်တဲ့ သူဟာ အမြဲ တပမ်းသာလေ့ ရှိပါတယ်။ ရယ်မောစရာတွေက လူအချင်းချင်း ဆက်နွယ်မှုမှာ အရေးကြီးတဲ့ အရာတခုလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက လူတိုင် းရယ်မောစေနိုင်တဲ့ ဟာသတွေ သုံးဖို့ပါပဲ။ သူတပါးရဲ့ အားနည်းချက်ကို ဟာသလုပ်တာမျိုးတွေကိုတော့ ရှောင်တာက ပိုကောင်းပါတယ်။
Ref ; mmn