ရင်တထိတ်ထိတ်ဖြစ်စေတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုခြင်းဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ကောင်းကျိုးတွေများစွာ ရှိတယ်လို့ ဆေးသိပ္ပံပညာရှင်တွေရဲ့လေ့လာချက်တွေက ဆိုပါတယ်။ တကယ်လို့ သင်ဟာ သည်းထိတ်ရင်ဖို ဇာတ်ကားတွေ အကြည့်များသူ တဦးဆိုရင်တော့ အခုဖော်ပြမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။
(၁) ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်
သင်ဟာလေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိသူ တဦးဆိုရင်တော့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ကြည့်ရှုခြင်းက သင့်ကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို ရုပ်ရှင်ကို မိနစ် ၉၀ ခန့်ကြည့်ရှုလိုက်ခြင်းဟာ ကယ်လိုရီပေါင်း ၁၁၃ ကယ်လိုရီခန့်ကို လောင်ကျွမ်းစေနိုင်ပြီး ဒါဟာဆိုရင်တော့ မိနစ် ၃၀ ခန့်လမ်းလျှောက်လိုက်ခြင်းအားဖြင့် လောင်ကျွမ်းစေတဲ့ ကယ်လိုရီပမာဏနဲ့လည်း ညီမျှနေပါတယ်။
(၂) ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို မြင့်တက်စေတယ်
လေ့လာသူတွေရဲ့အဆိုအရ သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ကြည့်ရှုခြင်းအားဖြင့် ဦးနှောက်ကနေ Glucose, Adrenaline နဲ့ Cortisol တို့ကို ထုတ်လွှတ်ပေးလိုက်တာကြောင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတဲ့အပြင် အာရုံကြောတွေကို လန်းဆန်းစေတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း မြင့်တက်စေပါတယ်။
(၃) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
လေ့လာချက်တွေအရ သည်းထိတ်ရင်ဖို ဇာတ်ကားတကား ကြည့်ရှုလိုက်ခြင်းဟာ ခန္ဓာကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြင့်တက်စေပြီး ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
(၄) စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်
သင့်မှာ စိတ်ဖိစီးစရာ အကြောင်းကိစ္စတွေနဲ့ စိတ်ရှုပ်ထွေးနေတယ်ဆိုရင်တော့ ကြောက်စရာအကောင်းဆုံးဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတကားကို ကြည့်ရှုလိုက်ခြင်းက အံအားသင့်စရာ ကောင်းလောက်အောင် စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။
(၅) စုံတွဲတွေ အတူတကွ ကြည့်ရှုမယ်ဆိုရင် အချစ်ရေးကို ပိုမိုကောင်းမွန်စေတယ်
သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ကြည့်ရှုတဲ့အခါ ဦးနှောက်ကနေ Dopamine နဲ့ Serotonin ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ဒီဟော်မုန်းတွေဟာ တစုံတယောက်ကို ချစ်စိတ်ဝင်စေနိုင်တဲ့ ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စုံတွဲတွေအနေနဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေကို အတူတကွ ကြည့်ရှုပေးသင့်ပါတယ်။
Ref: www.scoopwhoop.com