မကြာခင်မှာ ချစ်သူများနေ့ကို ရောက်ပါတော့မယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့ဟာ သမီးရည်းစားတွေချည်း ကျင်းပကြတဲ့ပွဲမျိုး မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်အတူတူ ကုန်ဆုံးခြင်းတွေ လက်ဆောင်ပေးခြင်းတွေ ပြုလုပ်နိုင်သလို လက်ဆောင်ပေးတဲ့ နေရာမှာလည်း ချောကလက်နဲ့ ပန်းစည်းသာမက အခြားလက်ဆောင်တွေကိုလည်း ပေးလို့ရတဲ့နေ့ပါ။
နိုင်ငံတကာမှာတော့ အမျိုးသားတွေဟာ သူတို့ရဲ့ ချစ်သူတွေကို လက်ထပ်ခွင့်တောင်းလေ့ ရှိကြပါတယ်။ ချစ်သူများနေ့ အကြောင်းနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အကြောင်းအရာအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) St.Valentine
ချစ်သူများနေ့ကို အစပြုခဲ့တဲ့ St.Valentine ကို သိကြမယ်ထင်ပါတယ်။ Claudius II ဘုရင်ရဲ့ လက်ထက်မှာ ဘုရင် လူငယ်စုံတွဲတွေကို လက်ထပ်ခွင့် မပေးခဲ့ပါဘူး။ လက်ထပ်ခွင့် မပေးရတဲ့ အကြောင်းကတော့ စစ်သား စုဆောာင်းတဲ့အခါတွေမှာ အိမ်ထောင်ကျသွားတဲ့ အမျိုးသားတွေဟာ စစ်ထွက်ဖို့ကို ငြင်းဆိုမှာဆိုးလို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။ ဒါကို သနားတဲ့ St. Valentine ဆိုတဲ့ ဘုန်းတော်ကြီးက ချစ်သူတွေကို တရားမဝင် လက်ထပ်ပေးခဲ့ပါတယ်။
တချို့လူတွေက အဲဒီ ဘုန်းတော်ကြီးဟာ တယောက်တည်း မဖြစ်နိုင်ဘူးလို့ ပြောနေကြသူတွေ ရှိနေပါသေးတယ်။ ချစ်သူများနေ့ ဖြစ်ပေါ်လာတာကတော့ ဘုရင်က ခွင့်မပြုဘဲ ပြည်သူတွေကို လက်ထပ်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကွပ်မျက်ခဲ့ပြီး နောက်နှစ်တွေကြာတဲ့အခါ စုံတွဲတွေဟာ သူတို့အတွက် အသက်သေခံသွားတဲ့ ဘုန်းတော်ကြီးကို အောက်မေ့ဖွယ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
(၂) ချစ်သူများနေ့နဲ့ စီးပွားရေး
ချစ်သူများနေ့ဟာ ၁၇ ရာစုအထိ လူတွေကြားမှာ ခေတ်စားခြင်း မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ၁၈ ရာစုနှစ်ကို ရောက်လာမှသာ ချစ်သူခင်သူတွေ အချင်းချင်း လက်ဆောင်တွေပေးကြတဲ့ ဓလေ့ဖြစ်လာတယ်လို့ သိရပါတယ်။
ယနေ့ခေတ်မှာတော့ ချစ်သူများနေ့ဟာ စီးပွားလုပ်ငန်းဖြစ် ငွေရှာလို့ ရတဲ့ နေ့တနေ့ ဖြစ်လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံမှာ ချစ်သူများနေ့ တရက်တည်းအတွက် လူတွေသုံးတဲ့ ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် ရှိတယ်လို့ သိရပြီး အမျိုးသား တဦးချင်းစီတိုင်းဟာ ဒေါ်လာ ၂၀၀ (မြန်မာကျပ်ငွေ ၃သိန်းခန့်) သုံးစွဲကြတယ်လို့ သိရပါတယ်။
(၃) လက်ဆောင်များ
ချစ်သူများနေ့မှာ ပေးပို့မှုအများဆုံး လက်ဆောင်က ပန်းဖြစ်ပါတယ်။ ပန်းရဲ့ နောက်မှာ ဒုတိယနေရာက ရှိတာကတော့ ကဒ်လက်ဆောင် ပေးပို့မှု ၁၄၁ မီလီယံရှိပြီး ခရစ်စမတ်ပြီးရင် ဒါဟာ လက်ဆောင်ကဒ်ပေးပို့မှု အများဆုံးလို့ သိရပါတယ်။
လူတွေအချင်းချင်း လက်ဆောင်ပေးပို့မှုတွေ အပြင် သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း လက်ဆောင်တွေ ပေးကြတယ်လို့ သိရပါတယ်။ လက်ဆောင် ရရှိမှု အများဆုံးသူက မိခင်များ၊ ဆရာမများနဲ့ ဇနီးများဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကားမှာဆိုရင်လည်း ချစ်သူများနေ့မှာ ကွန်ဒုံးရောင်းရမှုဟာလည်း အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref ; trill