ဗယ်လင်းတိုင်းဒေးနဲ့ ပတ်သက်ရင်တော့ လူတွေမှာ အယူအဆအမျိုးမျိုး ရှိကြပါတယ်။ ဗယ်လင်တိုင်းဒေး ပုံပြင်တွေဟာ အများကြီးပါပဲ။ တချို့တွေက ရောမခေတ်က စတယ် ယူဆကြပြီး တချို့တွေကတော့ ၁၇ ရာစုက စတင်တယ်လို့ ယူဆပြောဆိုကြပါတယ်။ တကယ့် အစစ်အမှန် ပုံပြင်တွေဟာ ဘာပဲဖြစ်ဖြစ် ဂလိုဘယ်ဖြစ်စဉ်ကြီး တခုလုံးကို ကြည့်လိုက်ရင်လည်း အချစ်က အရေးပါတဲ့ နေရာတနေရာကနေ နေရာယူထားပါတယ်။
ဒါကြောင့်လည်း ဗယ်လင်တိုင်းဒေးဟာ လူတွေကို ဆွဲဆောင်ထားနိုင်သလို ကိုယ်ယုံကြည် ယူဆထားရာ ယုံကြည်မှုအတိုင်း ဗယ်လင်တိုင်းဒေးကို ကျင်းပနေကြတာပါပဲ။
ချစ်သူများနေ့လို့ လူတွေပြောဆိုနေကြတဲ့ ဗယ်လင်တိုင်းဒေကို ကမ္ဘာအရပ်ရပ်မှာ ဖေဖော်ဝါ ရီ ၁၄ ရက်မှာ ကျင်းပလေ့ ရှိကြပါတယ်။၂၁ ရာစုမှာဆိုရင်တော့ အနောက်တိုင်းရဲ့ဗယ်လင်တိုင်းဒေးကို တရုတ်နိုင်ငံကလည်း ရင်ခုန်စရာကောင်းလောက်တဲ့ အစီအစဉ်တွေနဲ့ ကျင်းပလာကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာက သီးခြားချစ်သူများနေ့ဆိုတာ ရှိပါတယ်။
တရုတ်လိုဆိုရင် Qixi ပွဲတော်လို့ ခေါ်လေ့ ရှိပါတယ်။ အဲဒီပွဲတော်ကတော့ တရုတ်လူမျိုးတွေရဲ့ ချစ်သူများနေ့ပါပဲ။ အဲဒီပွဲတော်ကတော့ များသောအားဖြင့် သြဂုတ်လမှာ ကျင်းပလေ့ ရှိပါတယ်။ တရုတ်လူမျိုးတွေအသုံးပြုတဲ့ ပြက္ခဒိန်တွေအရဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ သြဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ သြဂုတ် ၇ ရက်နေ့မှာ ကျရောက်ပါလိမ့်မယ်။ တချို့နှစ်တွေမှာတော့ ဇူလိုင်လထဲ ရောက်သွားပါတယ်။
Qixi ပွဲတော်ဟာဆိုရင်တော့ တရုတ်လူမျိုးတွေ ကျင်းပလေ့ရှိတဲ့ တခြားပွဲတော်တွေထက် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူများနေ့ ဖြစ်နေလို့ပါပဲ။ တရုတ် ချစ်သူများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ပြောပြချင်ပါသေးတယ်။
တခါတုန်းက ကြင်နာတတ်တဲ့ Niulang ဆိုတဲ့ လူငယ်လေးတယောက် ရှိပါတယ်။ သူ့မိဘတွေကတော့ သူ အရွယ်မတိုင်ခင်ကတည်းက သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သူဟာ အစ်ကိုနဲ့ အတူနေရပါတယ်။ အစ်ကို လက်ထပ်သွားတော့ သူ့မရီးက သူ့ကို သဘောမကျပါဘူး။ ဒါကြောင့် သူဟာ နွားအိုတကောင်ယူပြီး အိမ်ကထွက်သွားခဲ့ပါတယ်။
Niulang ဟာ နွားတင်ကုပ်လို အိမ်သေးလေးတလုံးဆောက်ပြီး သူဘဝကိုသူ ကြိုးစား ထူထောင်ခဲ့ပါတယ်။ အလုပ်အကိုင် အဆင်မပြေလို့ တခါတလေ အငတ်ခံရတဲ့ ရက်တွေ ရှိပေမယ့် သူ့နွားကိုတော့ အကျွေးအမွေး မပျက်ခဲ့ပါဘူး။
တရက်မှာတော့ နွားက သူ့ကို စကားပြောပါတယ်။ အဲဒီအကြောင်းကတော့ သူဟာ သူတပါး ပစ္စည်းတွေကိုခိုးစားလို့ မိုးနတ်မင်းက ကမ္ဘာမြေပေါ်ကို နွားတကောင်အဖြစ် သွားရောက်ဖို့ အပြစ် ပေးခံနေတဲ့ ပြိဿကြယ် ဖြစ်တဲ့အကြောင်းပါ။
အဲဒီနောက်မှာတော့ Niulang နေထိုင်တဲ့ နေရာတဝိုက်ကို ကောင်းကင်ဘုံ တမျှလှပတဲ့ နေရာအဖြစ် ဖန်ဆင်းပြလိုက်ပြီး စကြဝဠာမှာ အလှဆုံးဖြစ်တဲ့ Zhinu ကို ယူပေးမယ်လို့ ပြောလိုက်ပါတယ်။ သူယူလာတဲ့အခါမှတော့ Niulang လုပ်ရမှာက Zhinu ရဲ့အဝတ်အစားတွေကို ဖွက်ထားလိုက်ဖို့ပါပဲ။ အဲဒါဆို Zhinu ဟာ Niulang ရဲ့ ဇနီး ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ နွားအိုကြီးခိုင်းတဲ့အတိုင်း Niulang ကလိုက်နာတဲ့အခါ ချစ်သူတွေဖြစ် သွားကြပြီး အတူနေထိုင်ကြပါတော့တယ်။ ဒါပေမဲ့ ကလေးနှစ်ယောက် ရပြီးချိန်မှာတော့ Zhinu ဘက်ကအမျိုးတွေက သူတို့ ချစ်ခြင်းကို ခွဲလိုက်ပါတယ်။ အဲဒီလိုနဲ့ သူတို့တွေ ကွယ်လွန်သွားကြတဲ့ အခါ ကောင်းကင်မှာ Altair နဲ့ Vega ဆိုတဲ့ ကြယ်နှစ်လုံး သွားဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက တရုတ်လူမျိုးတွေအတွက်တော့ ချစ်ခြင်းရဲ့သင်္ကေတဖြစ် လာပါတယ်။ တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်အရဆို ၇ လမြောက်ဖြစ်တဲ့ ၇ ရက်နေ့ဟာ Altair နဲ့ Vega ကြယ်နှစ်လုံးကို အနီးကပ်ဆုံး မြင်ရတဲ့အချိန်ပါ။ ဒါကြောင့်လည်း အဲဒီလိုအချိန်ကိုရောက်တိုင်း တရုတ်လူမျိုးတွေက ချစ်သူများနေ့ကို ကျင်းပရခြင်းပဲဖြစ်ပါတယ်။
ဒီပွဲတော်ကိုတော့ Han မင်းဆက်လက်ထက် အေဒီ ၂၂၀ လောက်ကတည်းက ကျင်းပလာခဲ့ပါတယ်။ လူမျိုးတိုင်း လူမျိုးတိုင်းတွေမှာ ပုံပြင်ဒဏ္ဍာရီ အသီးသီး ရှိကြပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ တရုတ်လူမျိုးတွေအနေနဲ့ သီးခြားကျင်းပတဲ့ ချစ်သူများနေ့ဖြစ်ပေါ်လာပုံ အကြောင်းပဲ ဖြစ်ပါတယ်။
Ref : gbtimes