၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲမှာ ပေးအပ်ချီးမြှင့်မယ့် ဆုတံဆိပ်အားလုံးကို စွန့်ပစ် လျှပ်စစ်ပစ္စည်း အဟောင်းတွေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အသုံးမလိုတော့တဲ့အတွက် စွန့်ပစ်ထားတဲ့ စမတ်ဖုန်း၊ ဒီဂျစ်တယ်ကင်မရာ၊ လက်ကိုင်ဂိမ်းစက်၊ လက်ပ်တော့ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ ကြေး၊ ငွေနဲ့ ရွှေ သတ္တုတွေကို ထုတ်ယူကာ အိုလံပစ်ဆုတံဆိပ်တွေ ပြုလုပ်သွားမှာပါ။ မတ်လ ၃၁ ရက်နေ့ အမီ လိုအပ်တဲ့ အီလက်ထရောနစ်ပစ္စည်းပမာဏ အပြည့် စုဆောင်းနိုင်မှာ ဖြစ်တယ်လို့ တိုကျို အိုလံပစ် ပွဲစီစဉ်သူတွေက ယနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အီလက်ထရောနစ် ပစ္စည်းအဟောင်းတွေကနေ ဆုတံဆိပ် ပြုလုပ်မယ့် အစီအစဉ်ကို ဂျပန်ကုမ္ပဏီတွေနဲ့ ပြည်သူလူထုအပြင် နိုင်ငံတကာ အိုလံပစ်ကစားသမားတွေကလည်း တခဲနက် ထောက်ခံအားပေးကြတယ်လို့ အိုလံပစ်ကော်မတီက ဆိုပါတယ်။
ဂျပန်မြူနီစီပယ်အာဏာပိုင်တွေဟာ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်း တန်ချိန်ပေါင်း ၄၇,၄၈၈ တန် ကို စုဆောင်းလျက် ရှိပါတယ်။ ဒီထဲမှာ NTT Docomo စတိုးတွေကို လာရောက်အပ်နှံကြတဲ့ စွန့်ပစ်ဖုန်းပေါင်း ငါး သန်းကျော် ပါဝင်ပါတယ်။ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်း သိမ်းယူတဲ့ ဌာနတွေကိုလည်း စာတိုက်နဲ့ တခြား ပြည်သူပိုင် အဆောက်အဦးတွေမှာ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။
ဆုတံဆိပ်ပြုလုပ်ဖို့အတွက် ကြေးသတ္တု လျာထားချက် ၂,၇၀၀ ကီလိုဂရမ်ကတော့ ပြီးခဲ့တဲ့ ဂျွန်လကတည်းက ပြည့်သွားခဲ့တာပါ။ ရွှေသတ္တု လျာထားချက် ၃၀ ဒ၃ ကီလိုဂရမ်ကလည်း ၉၃.၇ ရာခိုင်နှုန်းလောက် ပြည့်မီနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေသတ္တု လျာထားချက် ၄,၁၀၀ ကီလိုဂရမ်ရဲ့ ၈၄ ရာခိုင်နှုန်းကိုလည်း အောက်တိုဘာလမှာ ထုတ်ယူ သိမ်းဆည်းထားနိုင်ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
အီလက်ထရောနစ် ပစ္စည်းဟောင်း စုဆောင်းသိမ်းဆည်းမှု အစီအစဉ်ဟာ မတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ရွှေနဲ့ ငွေ သတ္တု လျာထားချက် မပြည့်မီသေးပေမယ့်၊ သိမ်းဆည်းရရှိထားတဲ့ ပစ္စည်းအရေအတွက်က လျာထားချက် ပြည့်မီဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိနေကြောင်း ၂၀၂၀ တိုကျို အိုလံပစ်ကော်မီတီက ပြောကြားပါတယ်။ ဆုတံဆိပ်တွေရဲ့ ဒီဇိုင်းကိုတော့ ယခုနှစ်နှောင်းပိုင်းမှာ ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။
Ref: The Verge, The Washington Post