ငယ်ရွယ်စဉ်မှာ ပျော်ရွှင်စရာ မှတ်ဉာဏ်တွေကို ဖန်တီးပေးမယ်ဆိုရင် ကလေးတွေဟာ ပျော်ရွှင်မှုတွေ ဆက်ပြီး ဖန်တီးနိုင်တဲ့ လူကြီးတွေ ဖြစ်လာမှာ သေချာပါတယ်။ ဒီနေရာမှာ ပျော်ရွှင်တဲ့ မှတ်ဉာဏ်တွေ ရအောင် ဖန်တီးပေးဖို့က မိဘတွေရဲ့ တာဝန်ဖြစ်လာပါပြီ။
အရွယ်ရောက်တဲ့အခာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူတွေအဖြစ် ကြီးပြင်းလာဖို့နဲ့ ကြီးပြင်းလာတဲ့ အချိန်မှာလည်း သူစိမ်းတွေကို မှီခိုမှုနည်းအောင် ကြိုတင်သင်ကြားရပါမယ်။ ဒါကြောင့် ဒီတခါမှာ သင့်ကလေးကို ပျော်ရွှင်စွာ ကြီးပြင်းလာဖို့ သင်ကြားရမယ့် အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဘာသာစကား
လေ့လာတွေ့ရှိချက်တွေအရ ငယ်စဉ်မှာ မိခင်ဘာသာစကား မဟုတ်တဲ့ အခြား ဘာသာစကားတခုကို ထပ်မံသင်ကြားဖူးတဲ့ ကလေးတွေဟာ ပိုပြီး ပျော်ရွှင်ကြတယ်လို့ သိရပါတယ်။ မတူညီတဲ့ ရိုးရာဓလေ့ တခုကို ထပ်မံသင်ကြားရတာ ဖြစ်လို့ တခြားဘာသာစကားတွေနဲ့ လူမျိုးခြားတွေကို လေးစားမှုလည်း ပိုပြီးရှိလာနိုင်သလို အရွယ်ရောက်တဲ့အခါ လုပ်ငန်းခွင်ဝင်ရင် ရွေးချယ်စရာလည်း ပိုမိုရှိလာနိုင်ပါတယ်။
(၂) ရေကူးခြင်း
ရေကူးတာက ကလေးတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပြီး ကျန်းမာ သန်စွမ်းတဲ့ ဘဝကို ရစေပါတယ်။ ရေကူးတဲ့အခါ ဘယ်သူ့ကိုမှ မှီခိုလို့ မရဘဲ ရေမနစ်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်ဆိုတဲ့ အတွေးဟာ ကလေးရဲ့ အတွေးထဲမှာ အလိုအလျောက် ဝင်သွားပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ရေကူးတဲ့ကလေးတွေဟာ သာမန်ကလေးတွေထက် ဦးနှောက် ပိုမိုကောင်းမွန်ခြင်း၊ သန်မာခြင်းနဲ့ ဦးနှောက်ကျန်းမာရေးကို ကြာရှည်စွာ ကောင်းမွန်စေခြင်းတို့ ဖြစ်စေပါတယ်။
(၃) တူရိယာ တီးခတ်ခြင်း
တူရိယာ တမျိုးမျိုးရဲ့ တီးခတ်နည်းကို သင်ဖူးတဲ့ကလေးဟာ ကြီးပြင်းလာတဲ့အခါ ဖန်တီးနိုင်စွမ်းတွေ မြင့်မားတယ်လို့ သိရပါတယ်။ အကြားစွမ်းရည်ကို မြင့်တင်ပေးပြီး ဦးနှောက် ယိုယွင်းနှောင့်နှေးခြင်းတို့ကို ကာကွယ်ပေးပါတယ်။ တူရိယာတီ းခတ်ခြင်းကို သင်ကြားဖူးတဲ့ ကလေးဟာ နားလည်လွယ်ခြင်း၊ အကြားအာရုံကောင်းမွန်ခြင်းနဲ့ ဦးနှောက်ကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
(၄) ပိုက်ဆံ သုံးနည်း
အသက်အရွယ်တခုကို ရောက်လာတဲ့အခာ ပိုက်ဆံကို လက်မှာကိုင်ပြီး သုံးတဲ့အချိန်ကို ရောက်လာရင် တာဝန်ယူမှုက လိုအပ်လာပြီ ဖြစ်ပါတယ်။ သင့်ကလေးကို ငွေကြေးအသုံးပြုခွင့် စပေးတဲ့ အချိန်ကစလို့ ပိုက်ဆံဆိုတာ ရှိတိုင်း ဖြုန်းရတဲ့အရာ မဟုတ်ဘူးဆိုတာကို သိအောင် သင်ကြားထားပေးဖို့နဲ့ ပိုက်ဆံ စုတတ်အောင် သင်ကြားထားပေးဖို့ လိုပါတယ်။
ဒါ့အပြင် သင့်ကလေးကို ကိုယ့်အားကိုယ် ကိုးပြီး ငွေရှာတတ်အောင်လည်း သင်ကြားပေးဖို့ လိုပါသေးတယ်။ ဒါမှ သင့်ကလေးဟာ အရွယ်ရောက်လာတဲ့အခာ တာဝန်ယူမှုရှိတဲ့သူ ဖြစ်လာမှာပါ။
Ref ; brightside